Welcome...
 
 
Log In
Forgot Password
New User Register
Get RSS 2.0
  My News
 
 
Online Users
မြန်မာပြက္ခဒိန်
(GMT+06:30) Yangon - 29/03/2023
Learning ASP.NET Here!
Blog
နန်းကြီး မုန့်တီ ကြီးကြီးလုပ်နေသမျှတော့ ….. 7/17/2008 12:12:45 AM

သတင်းထောက် ဘ၀တုန်းက အတွေ့အကြုံလေးတွေ ပြန်ရေးမလား စဉ်းစားတော့ လွန်ခဲ့တဲ့ ၇ နှစ် ၈ နှစ်က အကြောင်းလေး သတိရမိလို့ ခပ်လွယ်လွယ်ခေါင်းစဉ်လေး ပေးပြီး ရေးလိုက်မိတာပါ။

အဲဒီတုန်းက ကျွန်တော်က မန္တလေးမြို့ အခြေစိုက် သတင်းစာ တစ်စောင်ရဲ့ အကျိုးဆောင် သတင်းထောက်လေး ပေါ့။ အမေ့ဘက်က အဘွားရဲ့ ရပ်ဆွေရပ်မျိုး မြင်းခြံသား ဗိုလ်မှူးကြီး တစ်ဦးကလည်း ၀န်ကြီးဌာနတစ်ခုမှ ဒု-၀န်ကြီး တာဝန် ယူနေတဲ့ အချိန်ပေါ့။ ရေစက်ဆုံချင်တော့ သူရဲ့ အထက်အညာ ခရီးစဉ် တစ်ခုမှာ ကျွန်တော်က သတင်းလိုက်ယူ ဖြစ်တယ်။

မုံရွာ အထက်အညာ ခရီးစဉ် တစ်လျောက် သူနဲ့အတူ လိုက်ရတယ်။ တစ်နေကုန် သူ့ဘေးမှာ ဓါတ်ပုံရိုက်လိုက်၊ ဘာတွေပြောလဲ လိုက်မှတ်လိုက်ပေါ့။ သိတဲ့အတိုင်းပဲ သတင်းရေးတော့ “..လိုအပ်သည်များကို လမ်းညွှန်မှာကြား သွားပါသည်” ဆိုပြီး ရေးလို့ရအောင်လေ။ ကိုယ်ရေးချင်တိုင်း ကိုယ်အာဘော်နဲ့ကိုယ် တော့ ရေးလို့မရပါဘူး။ သတင်း ထည့်မှာကလည်း ပုဂ္ဂလိက သတင်းစာ/ဂျာနယ် မဟုတ်တော့ ညရောက်ရင် ပြန်တင်ပြရတယ်၊ ဘာတွေ ရေးပြီး ဘာတွေ မရေးရဘူးလဲပေါ့။

အဲဒီနေ့ညက မုံရွာမှာ ညအိပ်တယ်။ ဒုဝန်ကြီး အခန်းထဲမှာ သူရယ်၊ သူ့ရဲ့ ကိုယ်ရေးအရာရှိရယ်၊ ကျွန်တော် သတင်းထောက် ပေါက်စလေးရယ်ပေါ့။ ကိုယ်ရေးထားတဲ့ အကြမ်းမှတ်စုလေးတွေကို ပြန်ချောပြီး ကိုယ်ရေးအရာရှိကို ပြရတယ်။ ဒီလိုရေးမယ်၊ ဒါတွေရေးမယ်ပေါ့။ သူကလည်း သူကိုယ်တိုင် မဆုံးဖြတ်နိုင်တဲ့ဟာတွေကို အဘ ဒါတွေ ရေးရမလားပေါ့ တဆင့် ပြန်တင်ပြရတယ်။ (ဟီး အမှန်က သုံးယောက်စလုံး တစ်ခန်းထဲမှာ)

အဲဒီအချိန်မှာ မုံရွာက ဧည့်ခံကြွေးမွေးရေး တာဝန်ရှိသူတွေ အခန်းဝမှ ပြူတစ်ပြူတစ်နဲ့ လူရိပ်လာပြတယ်။ အထဲလည်း ၀င်မလာရဲဘူးနဲ့ တူတယ်။ ကိုယ်ရေးအရာရှိက မြင်သွားပြီး ကျွန်တော်နဲ့ လုပ်လက်စလေး ခဏရပ်ပြီး ဘာလဲလို့ အခန်းဝ ဘက် ထွက်ပြီး မေးတယ်။ လာတဲ့သူတွေကလည်း အသံလေး ခပ်အုပ်အုပ်နဲ့ “ဟို မနက်စာ ၀န်ကြီးအတွက် ဘာစီစဉ်ရမလဲလို့ပါ” လို့ မေးတယ်။ ကိုယ်ရေးအရာရှိက အထဲပြန်ဝင်လာပြီး ခပ်ရို့ရို့နဲ့ပဲ “အဘ မနက်စာ ဘာစီစဉ်လိုက်ရမလဲ ခင်ဗျ” ပေါ့။ ဒု-၀န်ကြီးက သဘောကောင်းပါတယ်။ “အေးကွာ အညာဘက်ရောက်တုန်း နန်းကြီးသုပ်လေး စားရရင် ကောင်းမယ်နဲ့ တူတယ်ကွ” ဆိုပြီး ပြန်ပြောတယ်။ ကိုယ်ရေးအရာရှိက အခန်းပေါက်ဝ ခေါင်းလေးပြူပြီး နန်းကြီးသုပ် စီစဉ်လိုက် ဆိုပြီး ဆုံးဖြတ်ချက် ပြန်ချပေးလိုက်တယ်။ အဲဒီတော့ လာမေးတဲ့သူတွေက မန္တလေး နန်းကြီးသုပ် ဘယ်အရွယ်ရှိလည်း မသိတာလား၊ သေခြာချင်တာလား မသိဘူး မေးခွန်းတစ်ခု ထပ်ပြန်တက်လာတယ်။ “နန်းကြီးက ဘယ်အရွယ်ကြီးရမှာလဲ” လို့ အဲဒါနဲ့ ကိုယ်ရေးအရာရှိကလည်း အထဲ ပြန်ဝင်လာပြီး “အဘ နန်းကြီးက ဘယ်အရွယ် ကြီးခိုင်း လိုက်ရမလဲ”လို့ မေးပြန်တယ်။ လူကြီးက “ဟာကွာ နန်းကြီးသုပ်ပါဆို နန်းကြီး ကြီးကြီးပေါ့ကွာ” ဆိုပြီး ဖြေလိုက်တယ်။ အရာရှိလည်း နန်းကြီး ကြီးကြီးတဲ့ဆိုပြီး လာမေးတဲ့သူတွေကို အသံခပ်မာမာလေးနဲ့ ပြန်ပြောလိုက်တယ်။ ဒီမှာက မနားရသေးဘူးလေ အလုပ်က လုပ်လက်စတစ်ဘက်နဲ့ ဆိုတော့။

ကိုယ်နဲ့ မဆိုင်သလို ဖြစ်သွားတဲ့ ကိစ္စလေးက နောက်နေ့ မနက် နိုးလို့ မနက်စာ စားတော့မှ နည်းနည်း ဆိုင်သလို ဖြစ်သွားမှန်း သိရတယ်။ မနက်နိုးတော့ ကိုယ်လည်း အဆင်သင့်ဖြစ်အောင် ပြင်ဆင်ပြီး ကျွေးမယ်သူ့ လာခေါ်တာ စောင့်နေရတာပေါ့။ လူကြီးက မစားရသေးဘူးနဲ့တူတယ်။ မနက်စာ စားပွဲပြင်ထားတာတော့တွေ့တယ်၊ ကိုယ်နဲ့ မဆိုင်တော့ ဘယ်သွားစားရမှန်း မသိဘူး။ အပြင်ထွက်စားလို့ကလည်း မရဘူးလေ။ ယာဉ်တန်းနဲ့ လိုက်ရမှာဆိုတော့ ကိုယ်တစ်ယောက်ထဲ ကျန်ခဲ့လို့ကလည်း မရဘူး။ အဲဒီအချိန် လူကြီးက မနက်စာစားဖို့ ထွက်လာပြီး စားပွဲမှာထိုင်လို့ တဆက်ထဲပဲ သူက သဘောကောင်းတယ် “ဟာ သတင်းအဖွဲ့တွေ ခေါ်လေကွာ၊ တစ်ခါ ထဲ စားလေ၊ သူတို့လည်း အရေးကြီးတယ်၊ ငါနဲ့ တစ်နေကုန် လျှောက်လိုက်ရမှာ” ဆိုတော့ ဧည့်ခံရေးအဖွဲ့က ပြာပြာသလဲနဲ့ လာကြပါပေါ့။ အဲဒီကျမှ မနေ့ညကမေးတဲ့ နန်းကြီးမုန့်ဖတ် ဘယ်လောက်ကြီး ဆိုတာ တွေ့ရတောတယ်။ တူနဲ့ စားလို့ မရဘဲ ဓါးနဲ့လှီးပြီး ခရင်းနဲ့ ထိုးစားရမယ့် အရွယ် မုန့်တီကိုမြင်တော့ ကျွန်တော်တို့လည်း ဘယ်လိုစားရမှန်း မသိဖြစ်သွားတယ်။ လူကြီးက မုန့်တီကို ခရင်းနဲ့ ဟိုဘက် က ထိုးလိုက် ဒီဘက်က လှဲ့ထိုးလိုက် လုပ်ရင်း မင်းတို့ မုန့်တီ ကြီးလှကြီးလားကွဆိုတော့ ဘေးက အရာရှိကြီးက အားရ၀မ်းသာနဲ့ “အဘက ကြီးကြီးဆိုလို့ စပယ်ရှယ် လုပ်ထားတာတဲ့”….။

လူကြီးက ဘာပြန်ပြောလဲတော့ ထည့်မရေးတော့ပါဘူး…။ ဟီး ဟီး ….။ အဲဒီ ၀င်ဖြေတဲ့ သူတော့ မျက်နှာကြီး မဲသွားရော။ မြန်မာစကားပုံတစ်ခု သွားသတိရမိတယ် “ကြက်တူရွေးက တော်တော် မယ်ဘော်က ကဲ” တဲ့။

အဲဒါနဲ့ အိမ်ရောက်တော့ ပြန်ပြောဖြစ်တာပေါ့။ အဲဒီတော့ အဖေက ပြောတယ်။ လမ်းစဉ်ပါတီခေတ်ကလည်း ဒီလိုပါပဲကွာတဲ့။ ပါတီဥက္ကဌကြီး ပုဂံညောင်ဦးလာတော့ သီရိပစ္စရာ ဟိုတယ်မှာ တည်းသတဲ့။ မနက် နိုးလို့ မနက်စားစားချိန်မှာ ဥက္ကဌကြီးက ဘာပြောလဲဆိုတော့ “ငါ့ ခေါင်းရင်းက သစ်ပင်မှာ တောက်တဲ့ ရှိတယ်နဲ့ တူတယ်ကွ၊ မနေ့ညက အဲဒီအကောင်ကြီး တစ်ညလုံး အော်နေတာ..” ဆိုပြီး။ ပြီးတော့ ပြောပြီး မေ့မေ့ပျောက်ပျောက်ပေါ့။ သူလည်း တစ်နေ့ကုန် စစ်ဆေး စရာ ရှိတာ လိုက်စစ်ဆေး၊ ဘုရားတွေ လိုက်ဖူး၊ ညနေမှ ဟိုတယ်ပြန်လာပြီး တစ်ည အိပ်တာပေါ့။ နောက်နေ့ မနက် မနက်စာ စားချိန်ကျ ဟိုတောက်တဲ့ကြီး မနေ့ညကတော့ မအော်တော့ဘူးကွ၊ ဘာလို့လဲ မသိဘူး” ဆိုပြီး စကားစတော့ မုန့်တီကြီးကြီး လုပ်တဲ့သူလိုပဲ ဘေးက ၀င်ဖြေတယ်။ “အဘ ည အိပ်မရဘူးထင်လို့ သစ်ပင်ပါ ခုတ်ပြီး တောက်တဲ့ကြီး ရှင်းထားပါတယ်” တဲ့ ..။ ကဲ အစီအမံတွေ ကောင်းတာလေ။ ၀ဋ်က ချက်ခြင်းလည်တာ တောက်တဲ့လည်း ဘုံပျောက်လို့ ဘယ်ရောက်မှန်း မသိသလို အဲဒီ သစ်ပင်ခုတ်တဲ့သူလဲ အမျက်မာန် အရှခံရပြီး ဘယ်ဌာန ရောက်သွားမှန်းတောင် မသိလိုက်ကြဘူးတဲ့။

ဟိုး… ခေတ်ဟောင်းက ဟာတွေ ပြောတာပါ။ ကျွန်တော်တို့ ခေတ် မှာတော့ မုန့်တီကြီးကြီးလည်း မလုပ်မိစေနဲ့ တောက်တဲ့ သစ်ပင်လည်း မခုတ်မိကြစေနဲ့ပေါ့။ ဘာပဲဖြစ်ဖြစ် တိကျတဲ့ သတင်းအချက်အလက်တွေပေါ်မှာပဲ အခြေခံရင်း အလုပ်လုပ်ကြတာပေါ့လို့ ပြောရင်း….။

 

၃၅ နှစ် အမှတ်တရ အတွေး (သို့) ကျွန်တော်သူနဲ့ မပြိုင်ပါ။ 7/3/2008 1:27:51 AM

ခရစ်သက္ကရစ် ပြက္ခဒိန်အရ ဒီနေ့ ဇူလိုင် ၂ ရက်နေ့က ကျွန်တော့် မွေးနေ့ပါ။ ၁၉၇၄ ဆိုတဲ့ ကာလကနေ ရေတွက်ခဲ့ရင် ၃၄ နှစ် ပြည့်သွားပြီ။ လူသက်တမ်းကို ၈၀ နှစ် သတ်မှတ်ရင် ကျွန်တော် သုံးချိုးတစ်ချိုးကျော်လို့ တစ်ဝက်နားနီးလာပြီ။ ၇၀ နှစ်သက်တမ်း လို့ သတ်မှတ်ရင် ထက်ဝက်ရောက်ပြီပေါ့။ မပြောကောင်း ပြောင်းကောင်း ၆၅ နှစ်လို့ တွေးလိုက်မိရင် ကျွန်တော် နေချိန် တစ်ဝက်တောင် မကျန်တော့ပါလား…။ ဘာတွေလုပ်ခဲ့ပြီးပြီလဲ…။ ဘာတွေ လုပ်ရဦးမှာလဲ…။ သူတပါး အတွက်လား…။ ကိုယ့်အတွက်လား…။ ဒီဘ၀ ကံကြမ္မာအတွက်လား…။ နောက်ဘ၀ သံသရာအတွက်လား….။


၃၅ နှစ်ဟာ လူကြီးလို့ ပြောလို့ မရပေမယ့် လူငယ်လေး တစ်ဦးတော့ မဟုတ်တော့ဘူး။ နုဖတ်နေတဲ့ စိတ်နှလုံး မဟုတ်တော့တာကို စာရေးဆရာတွေက ဒဏ်ရာတွေလို့ ဖွဲ့နွဲ့ကြသလို တကယ်တော့ သဘာတွေလို့ ပြောရင်လဲ မမှားပါဘူး။ ၃၄ နှစ်မှာ ကျွန်တော် ဘာတွေ သင်ယူခဲ့မိလဲ..။ ဘာတွေ ရခဲ့သလဲ…။

ပြန်ကြည့်ရင် ၁၉၇၄ မှာ လူဖြစ်တယ်။ အမိအဖရဲ့ ကျွေးမွေး စောင့်ရှောက်မှုအောက်မှာ အေးအေးဆေးဆေး ကျောင်းနေခဲ့ရတယ်။ ၁၉၉၀ မှာ သာမန်ပဲ ဆယ်တန်းစာမေးပွဲအောင်တယ်။ ဘာဂုဏ်ထူးမှ မပါဘူး။ အမှတ် ၆၀ ကျော်တာဆိုလို့ အဖေရဲ့ သူငယ်ချင်း မြန်မာစာဆရာ ဦးမျိုးအောင် (အခုတော့ အကယ်ဒမီ ဒါရိုက်တာ ငြိမ်းမင်းပေါ့) ရဲ့ ကျေးဇူးနဲ့ မြန်မာစာ ၆၉ မှတ်နဲ့ ငယ်ငယ်ကတည်းက ၀ါသနာပါတဲ့ သင်္ချာက ၇၈ မှတ် ဒါလေးပဲ ရှိတယ်။ ကျန်တာတွေက ၄၀ ကျော် ၅၀ ကျော်။ ရည်ရွယ်ထားတဲ့ အတိုင်းပဲ မန္တလေး ၀ိဇ္ဇာ/သိပ္ပံ တက္ကသိုလ် တက်ခွင့်ရတယ်။ ဟုတ်တယ် ကျွန်တော်တို့ ခေတ်က စာကြည့်စားပွဲကနေ မြင်သာတဲ့ နံရံမှာ အားလုံးက All D ထွက်ရမည်။ ဆရာဝန် ဖြစ်ရမည်။ အင်ဂျင်နီယာ ဖြစ်ရမည်လို့ စာတမ်းတွေ ကပ်နေကြတဲ့ အချိန်မှာ ကျွန်တော်ကလည်း အားကျမခံ ငါသည်မုချ ၀ိဇ္ဇာ/သိပ္ပံ တက္ကသိုလ် ကျောင်းသား ဖြစ်ရမည်လို့ စာကပ်ပြီး အိပ်ခဲ့တဲ့သူပေါ့။ ဟုတ်တယ်လေ…။ အဖေက သူတက်ခဲ့တဲ့ သူတို့ရဲ့ တက္ကသိုလ်ကြီး အကြောင်း ခဏခဏ ပြန်ပြောတာကိုး…။ ပြီးတော့ ဆရာ ဇ၀နရဲ့ ကောလိပ်ဂျင် စာအုပ်ကိုလည်း ဖတ်ထားတော့….။ ကံကောတောအစား. တမာတေးတခက်နဲ့ အညာကျေးလက်က မန်းတက္ကသိုလ် ဆိုတာကို ရူးခဲ့တာပေါ့။

တက္ကသိုလ်ဝင်တန်းတွေ လျှောက်တော့ ကျွန်တော်ရဲ့ အမှတ်က သတ္တဗေဒ ရတယ်။ အဖေကလည်း သတ္တဗေဒနဲ့ပဲ ကျာင်းပြီးတယ်။ သူတို့ ခေတ်တုန်းကတော့ သတ္တဗေဒက အမှတ်များတယ်ဆိုလား။ ကျွန်တော်ခေတ်မှာတော့ အောက်မှာ ရုက္ခဗေဒ တစ်ဘာသာပဲ ကျန်တော့တယ်။ ကျွန်တော်တက်ချင်တာက သချာင်္။

သတ္တဗေဒမှာ ခုံအမှတ်က ၅။ ပထမ စတက်တဲ့နေ့ အချိန်ဇယား စကူးတဲ့ အချိန်မှာပဲ ပြသနာစတော့တယ်။ သတၱေဗဒမွာ သခ်ာၤမပါဘူး။ ကျွန်တော်ကလည်း သချာင်္ အရမ်း တွက်ချင်တာ။ အဲဒါနဲ့ စုံစမ်းလိုက်တော့ ကျွန်တော်အမှတ်က သင်္ချာ မိုင်နာပါတဲ့ ဓါတု ဗေဒ ကိုမီတယ်။ ပြောင်းလျှောက်လို့ရတယ်တဲ့။ တဆက်ထဲမှာပဲ ပထမနှစ်မှာ ဂုဏ်ထူးထွက်ရင် ထွက်တဲ့ ဘာသာ ပြောင်းလို့ရတယ်ဆိုတာ သိရတယ်။ အဲဒါနဲ့ပဲ ပထမနှစ်မှာ ဓါတုဗေဒပြောင်း၊ ဒုတိယနှစ်မှာ သင်္ချာပြောင်းပြီး နောက်ဆုံး ကျွန်တော် သချာင်္နဲ့ ဘွဲ့ရခဲ့ရော…။ ဘွဲ့ကလည်း သာမန်ပါပဲ..။ ဘွဲ့နှင်း သဘင်မှာ တခြား ဘွဲ့ရကျောင်းသားတွေကို ဂုဏ်ထူးတွေ တစ်သီကြီးနဲ့ လက်ခုပ်သံ တဖြောင်းဖြောင်း ညံနေတဲ့ အချိန်မှာ ကျွန်တော်အလှဲ့မှာတော့ အဖေနဲ့ အမေ လက်ခုပ်သံပဲ ကြားရတယ် ထင်တယ်။ အရေးမကြီးပါဘူး။ ကျွန်တော့်ဘ၀မှာ အဖေနဲ့ အမေရှိရင် အားလုံး ပြည့်စုံလုံခြုံ တာပဲ။

၁၉၉၅ နှစ်။ ဘွဲ့ရပြီးတော့လည်း သိတဲ့အတိုင်း အလုပ်လက်မဲ့။ ဘယ်သူ့မှ အပစ်မပြောပါဘူး ကိုယ်မှ အသုံးမကျခဲ့တာ။ အမေက သင်ဖူးတယ် ပထမဆုံး ကိုယ့်ကိုကိုယ် အပစ်ရှာ သားကြီးတဲ့။ အဲဒီတော့ ဘာသွားတွေ့လဲဆိုရင် ဘာမှ မလုပ်ခဲ့ရင် ဘာမှ မရဘူးဆိုတာ မြင်လိုက်တယ်။

ဘာလုပ်မလဲ စဉ်းစားတော့ အဖြေက စိတ်တိုင်းကျမထွက်လာဘူး။ ဟိုရောင်ရောင် ဒီရောင်ရောင်နဲ့ပဲ ၂၀၀၀ ခုနှစ် မန္တလေးမှာ နိုင်ငံခြားဘာသာ တက္ကသိုလ် စဖွင့်တော့ ၀င်ခွင့်ဖြေပြီး တရုပ်စာ အထူးပြုနဲ့ ကျောင်းသားပြန်လုပ်တယ်။ ပျော်စရာကြီး။ ၂ နှစ်အချိန်ပြည့်သင်တန်းမှာ ဆရာကောင်းတွေနဲ့ကြုံတော့ အထူးအောင်ဆိုပြီး ဒီပလိုမာ တစ်ခု ရလိုက်တယ်။ ဆရာပြန်လုပ်ဖို့ခေါ်တော့ ၂၀၀၂ ခုနှစ်မှာ တက္ကသိုလ် ကျူတာပေါက်စ ဖြစ်ကရော။ ၂၀၀၄ ခုနှစ် မန္တလေးမှာ မြန်မာတိုင်း(မ်) ရုံးခွဲဖွင့်တော့ သတင်းထောက် ပြောင်း လုပ်တယ်။ ၂၀၀၇ မှာ မြန်မာတိုင်း(မ်)က ထွက်တယ်။ ၂၀၀၂ ခုနှစ်လောက်ကစပြီး ကြားထဲမှာ ကွန်ပျူတာ ပရိုဂရမ်ရေးတဲ့ ပညာကို လေ့လာဖြစ်ခဲ့တယ်။ ပရိုဂရမ်တွေ ရေးပြီး ရောင်းဖူးတယ်၊ မန္တလေး အိုင်စီတီပတ်ခ် ပေါ်က AAT Business Centre မှာ ဆရာမ ဒေါ်အေးအေးသန့် ကျေးဇူးနဲ့ Software House တစ်ခု ပေါင်းလုပ်ဖြစ်ခဲ့တယ်၊ ကလေးတွေကို Programming ပြန် သင်ပေးခဲ့ဘူးတယ်။ ရန်ကုန် Mr. Accounting ကုမ္ပဏီမှာ Programmer ခနလေး ၀င်လုပ်ဖူးသေးတယ်။ မန္တလေး ကွန်ပျူတာပညာရှင်များ အသင်းမှာ အလုပ်အမှုဆောင် လုပ်လိုက်သေးတယ်။ ၂၀၀၇ ထဲမှာပဲ Microsoft Certified Professional ယူတယ်၊ Microsoft Certificied Technology Specialist ဖြေတယ်။ ၂၀၀၇ ဒီဇင်ဘာ ၃၁ မှာ စင်္ကာပူရောက်တယ်။ အခု ကွန်ပျူတာ ပရိုဂရမ်မာ လုပ်နေတယ်။ အမလေး.. မောလိုက်တာ။

ကျွန်တော့်ရဲ့ ၃၄ နှစ်ဟာ အလွန်ပျော်ရသော တက္ကသိုလ်ကျောင်းသားဘ၀၊ အလုပ်မရှိ ဘာလုပ်ရမှန်းမသိ လေနေတဲ့ဘ၀၊ တကျော့ပြန် တက္ကသိုလ်ကျောင်းသားဘ၀၊ တက္ကသိုလ်ကျောင်းဆရာဘ၀၊ သတင်းစာသမားဘ၀၊ အိုင်တီသမား တစ်ဦးရဲ့ ဘ၀။ ဘာမှသာ မဟုတ်ပေမယ့် တော်တော်လေး ဘ၀စုံလိုက်သလိုပဲ။ လူတန်းစာ အလွှာစုံကိုလည်း ပေါင်းခဲ့ရဘူးတယ်။ လမ်းဘေးမှာ တောင်းစားတဲ့ သူတောင်းစားက စလို့ အဲကွန်းခန်းတဲ့က ကောင်းစားတဲ့ ၀န်ကြီးအဆုံးပေါ့။ ဒါတောင် အဖေပေးတဲ့ ပညာနဲ့ ဓါတ်ပုံဆရာဘ၀၊ အမေ ဖတ်ခိုင်းတဲ့ စာအုပ်တွေနဲ့ ကဗျာဆရာ ဘ၀တွေကိုပါ ပေါင်းလိုက်ရင် ၃၄ နှစ်က ဘာမှသာ မဘာရသေးတာ တော်တော်တော့ ဘာလိုက်ရတယ်လို့ ပြောရမလားပဲ…။

ဒါပေမယ့် ပြီးသွားတဲ့ ခရီးတစ်ခုနဲ့ မပြီးသေးဘဲ ဆက်လှမ်ရဦးမယ့် လမ်းခုလပ်လေး ၃၅ နှစ်မှာ ကျွန်တော်မြင်လိုက်တဲ့ အတွေးတစ်ခုက ယှဉ်ပြိုင်မှုဆိုတဲ့ စကားနေရာမှာ အားကျ အတုယူ အကောင်အထည်ဖော်တယ် ဆိုတဲ့ စကားနဲ့ အစားထိုးသင့်တယ်ဆိုတဲ့အချက်ပဲ။ ငယ်ငယ်တုန်းက ဟောပြောပွဲတွေမှာ လူကြီးတွေ/ဆရာတွေက ကြုံရင် ကြုံသလို ပြောကြတယ် “မင်းတို့ ကြိုးစားကြနော်၊ သူများ ဂုဏ်ထူး ၅ ခုထွက်ရင် ကိုယ် ၆ ခုထွက်ရမယ်လို့ တွေး၊ ယှဉ်ပြိုင်လိုစိတ် မွေးမှ ကြီးပွားတိုးတက်မှာကွ” တို့ ဘာတို့ပေါ့။ တက်ကြမ်းရေးတဲ့ စာရေးဆရာ အချို့လည်း အဲဒီလိုပဲ ပြောကြတယ်။ ဟိုးတုန်းကတော့ ဟုတ်သလိုလို ထင်ရပေမယ့် ခေတ်တွေပြောင်း၊ စနစ်တွေပြောင်းလာတဲ့ အခုခေတ်မှာ ကျွန်တော်အသက် ၃၄ နှစ် အတွေ့အကြုံအရပြောရင် ယှဉ်ပြိုင်တယ်ဆိုတဲ့ စကားနေရမှာ လူငယ်တွေအတွက် အားကျ အတုယူ အကောင်အထည်ဖော်တယ် ဆိုတဲ့ စကားနဲ့ အစားထိုးပေးချင်တယ်။

“ယှဉ်” တာရယ် “ပြိုင်” တာရယ် ဆိုတဲ့ စကားနှစ်လုံးမှာ အနိုင်တွေ အရှုံးတွေနဲ့ မောလွန်းအားကြီးတယ်။ ယှဉ်ပြိုင်ပွဲတစ်ခုမှာ ကြိုးစားတိုင်း နိုင်ကြတာ မဟုတ်ပါဘူး။ ပြီးတော့ ကိုယ်က နိုင်ချင်တာလား၊ သူ့ကို ရှုံးစေချင်တာလား။ ကလေးတွေကို မမောစေချင်ဘူး။ ကျွန်တော်တော့ ယှဉ်ပြိုင်တဲ့ အလုပ်ကို မလုပ်ချင်ဘူး။ အားကျအတုယူ အကောင်အထည်ဖော်တဲ့ အလုပ်ကိုပဲ သဘောကျတယ်။

ဗုဒ္ဓဘာသာဝင် တစ်ဦးအနေနဲ့ အဲဒီစကားနှစ်ခွန်းကို သိသာအောင်ပြောရရင် ကျွန်တော်တို့ဟာ သူတော်ကောင်း ဘုရား ရဟန္တာတွေ အကျင့်ကောင်းကို ကျင့်လို့ အေးချမ်းသွားကြတာကို သူတို့ ဒီလိုအေးချမ်းရင် ငါ ဒါထက်အေးချမ်းအောင် လုပ်မယ်ဆိုပြီး “ယှဉ်ပြိုင်” ကြမှာလား၊ ဒါမှ မဟုတ် အော်... သူတော်ကောင်းတွေ အကျင့်ကောင်းကျင့်လို့ အေးချမ်းတဲ့ဘ၀မှာ နေရတယ်…။ အားကျလိုက်တာ….။ ငါလည်း သူတို့လို အကျင့်ကောင်းလိုက်ကျင့်မယ်..ဆိုပြီး တွေးသင့်၊ အကောင်အထည် ဖော်သင့်သလားဆိုတာ ပါပဲ။ စဉ်းစားသင့်ပါတယ်။ အဲဒီတော့ လူကြီးတွေ အနေနဲ့ ကလေးတွေကို အမောမခိုင်းကြပါနဲ့။ ကလေးတွေလည်း ကိုယ့်ကိုကိုယ် မောအောင် မလုပ်ကြပါနဲ့။ အေးချမ်းစွာ ကြိုးစား နေထိုင်သင့်ပါတယ်။

လူငယ်တွေဟာ ကြီးပွားတိုးတက်လိုစိတ် ပြင်းထန်ကြတယ်။ လုပ်ချင်ကိုင်ချင်စိတ် နိုးကြွကြတယ်။ ကျွန်တော်လည်း ၂၀ ကျော်က မောလို့ မောမှန်း မသိခဲ့ဘူးပေါ့။ အခု ၃၄ နှစ်ပြည့်လို့ ၃၅ နှစ်မှာ မမောချင်တော့ဘူး။ ကျွန်တော် စာတွေ ရေးမယ်။ ပရိုဂရမ်တွေ ရေးမယ်။ ဒါပေမယ့် ယှဉ်ပြိုင်မှုဆိုတဲ့ အရာတွေနေရာမှာ အားကျ အတုယူ အကောင်အထည်ဖော်လိုစိတ်တွေနဲ့ပဲ အစားထိုး နေဖို့ ဆုံးဖြတ်ထားတယ်။

ဒါ ၃၅ နှစ်ရဲ့ ပထမဆုံးနေ့မှာ ကျွန်တော်တွေးမိတဲ့ အတွေး တစ်ခုပါပဲ။

အော်..အပေါ်က ဓါတ်ပုံကို စာတမ်းထိုးဖို့ မေ့သွားတယ်၊ ကျွန်တော်သူ့ကို ပြိုင်ပြီး ထိုင်နေတာ မဟုတ်ပါဘူး။ သူ့ကို အားကျလို့ အတုယူပြီး ထိုင်ကြည့်တာပါလို့ ပြောရင်း....။

(ကျေးဇူးရှင် မိဘနှစ်ပါးကို ရှိခိုးလျက် --- အိုင်တီမောင်မောင် ဇူလိုင် ၃ ရက် ၂၀၀၈ ခုနှစ်၊ စင်္ကာပူမြို့။ နံနက် ၂ နာရီ ၀၅ မိနစ်။)

စင်္ကာပူကို လာမယ်ဆိုရင် အပိုင်း(၂) 2/3/2008 2:22:16 PM

အလုပ်ရှာတဲ့အကြောင်းတွေ ရေးမယ်၊ ရေးမယ်နဲ့ ပြင်နေတာ အလုပ်ကမအားတော့ မှန်းထားတဲ့အချိန် မပြီးခဲ့ဘူး၊ ဒီကြားထဲ စိတ်မကောင်းစရာ မန္တလေး အိုင်စီတီနဲ့ ရတနာပုံဈေး မီးလောင်ဆိုတော့ မီးသတင်းကိုလည်း ဦးစားပေး ရေးချင်တာနဲ့ ရေးလိုက်ရသေးတယ်။ အပိုင်း(၂)ကို စောင့်ဖတ်နေတဲ့ သူတွေကလည်း ဘယ်တော့ရေးမှာလဲ၊ စောင့်နေတယ်ဆိုတော့ ၀မ်းလည်းသာ၊ အားလည်းနာပေါ့။ အခုတော့ အပိုင်း(၂) ရေးပြီးပါပြီ။ ဒါပေမယ့် ဆောင်းပါးတစ်ပုဒ်ဟာ အဲဒီဆောင်းပါးကို ဖန်တီးရေးသားသူရဲ့ အတွေ့အကြုံနဲ့ သုံးသပ်ချက်ပေါ်မူတည်နေတာမို့ စင်္ကာပူရောက်တာ မကြာသေးတဲ့ ကျွန်တော်အတွက် အားနည်းချက်တွေ ပါနေမယ်ဆိုတာ သေချာသလောက်ပါပဲ။ ဒါပေမယ့် ကျွန်တော့် ရည်ရွယ်ချက်က မြန်မာလူငယ်တွေ ပြည်ပနိုင်ငံတွေကို အထင်တကြီး ထွက်လာပြီးမှ အောက်ကျ၊ နောက်ကျ လုပ်နေရတာကို မမြင်ချင်တာရယ်နဲ့ စင်္ကာပူမှာ အလုပ်လာရှာမယ့် ညီငယ်/ညီမငယ်တွေ အတွက် နည်းနည်းပဲ အထောက်အကူရရ ဆိုတဲ့ ရည်ရွယ်ချက်လေးတွေနဲ့ ရေးဖြစ်တာပါ။ ဘာပဲဖြစ်ဖြစ် မြန်မာလူငယ်အားလုံး အကြောင်းကြောင်းကြောင့် ကိုယ့်နိုင်ငံကနေ ထွက်ခွာလာရပေမယ့် ပြည်ပနိုင်ငံတွေမှာ လူမျိုးဂုဏ်ကို ထိန်းသိမ်းရင်း အောင်အောင်မြင်မြင် အလုပ်လုပ်နိုင်စေချင်တာ ကျွန်တော့် စိတ်ရင်းအမှန်ပါလို့ ပြောရင်း ..…

ဒုတိယပိုင်း

အလုပ်ဘယ်လိုရှာရလဲ၊ ဘာအလုပ်တွေနဲ့ ဘာတွေ ပြင်ဆင်ခဲ့လဲဆိုတဲ့ အပိုင်းမှာတော့ လက်လှမ်းမှီသလောက် ကြိုးစား ပြောပါမယ်၊ ဒါပေမယ့် ကျွန်တော်လည်း မနေ့တစ်နေ့ကမှ စင်္ကာပူကိုရောက်ပြီး အလုပ်ရခဲ့တာဆိုတော့ အတွေ့အကြုံ သိပ်နည်းသလို ကျွန်တော်ရဲ့ လိုင်း ကွန်ပျူတာနဲ့ တခြားလိုင်းတွေလည်း အခြေအနေ ကွာခြားတာမို့ ကိုယ့်နည်း ကိုယ့်ဟန်နဲ့လည်း စုံစမ်း ထားသင့်ပါတယ်။

စင်္ကာပူမှာ ကျွန်တော်တို့ မြန်မာတွေအတွက် ဘာအလုပ်တွေ အဆင်ပြေနေလည်းဆိုတော့၊ အိုင်တီကွန်ပျူတာသမားတွေ၊ အင်ဂျင်နီယာတွေ၊ စာရင်းကိုင်တွေ၊ AutoCAD ကျွမ်းတဲ့ Draft Man လို့ ခေါ်တဲ့ ရာထူးတွေ အလုပ်ပေါကြ ၀င်ငွေ ကောင်းကြပါတယ်။

အဲဒီအထဲမှာ ကိုယ်ကပဲ အိုင်တီလိုင်းပေါ်ကမို့လားတော့ မပြောတတ်ဘူး၊ သတိထားမိသလောက်တော့ အိုင်တီ ကွန်ပျူတာသမားတွေက လစာပိုကောင်းကြတယ် ထင်တယ်၊ ကျွန်တော့် အသိထဲမှာတင် တစ်လကို S$ 8000 ကနေ 10000 ကျော် ရတဲ့ သူ နှစ်ဦးရှိတယ်။ အဲလိုပဲ မြန်မာပြည်ကနေ ရောက်ရောက်ချင်း တစ်လကို S$3500 နဲ့ 4500 ရတဲ့သူတွေလည်း ရှိတယ်။ S$2500 ၀န်းကျင်သမားတွေကတော့ အများကြီးပဲ၊ စင်္ကာပူမှာ မြန်မာအိုင်တီသမားတွေ နာမည်ကောင်းရကြပါတယ်။ ဒါပေမယ့် လာမယ့်သူတွေအတွက် Software လိုင်းမှာဆိုရင်လည်း Microsoft, Java စတဲ့ နိုင်ငံတကာ စာမေးပွဲတွေ ဖြေခဲ့ဖို့နဲ့ တကယ် လက်တွေ့ လုပ်ငန်းခွင်အတွေ့အကြုံ ၁ နှစ် ၂ နှစ်လောက်ရှိပြီး တကယ်တတ်ကျွမ်းထားဖို့တော့ လိုပါတယ်။ အဲလို ကိုယ်ဘက်က ပြင်ဆင်ထားရင် ဒီမှာ ၂ ပတ် ၃ ပတ် အတွင်း အလုပ်ရကြပါတယ်။

JobsDB ကလုပ်တဲ့ စင်္ကာပူ Career Expo 2008 အလုပ်ရှာပွဲတော်

မြန်မာ အင်ဂျင်နီယာနဲ့ စာရင်းကိုင်တွေအတွက်လည်း စင်္ကာပူမှာ အလုပ် အရမ်းပေါကြတယ်၊ ဒါပေမယ့် ကျွန်တော် သိရသလောက်တော့ သူတို့က ၀င်ဝင်ချင်း ပျမ်းမျှ S$ 1800 နဲ့ 2000 ၀န်းကျင်ပဲ စရကြတယ်၊ အလုပ်ရဖို့ လွယ်ပေမယ့် လစာသိပ်မမြင့်ဘူးလို့ သိရတယ်။ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ Supervisor အဆင့်လောက်က စလုပ်ကြရတယ် ပြောတယ်။ AGTI တွေလည်း အလုပ်ဖြစ်သလို ME ဆိုရင်တော့ ပိုပြီး ကောင်းတာပေါ့၊ အလုပ်ပိုလွယ်တာပေါ့။ Accountant အတွက်တော့ B Com ပြီးထားပြီး လက်တွေ့လုပ်ငန်းခွင်မှာ တကယ်အတွေ့အကြုံရှိတယ် ဆိုရင် အလုပ်ရဖို့လွယ်ပြီး လစာလည်း မနည်းပါဘူး၊ S$ 2000 ~ 2500 တော့ အသာလေး ရကြတာပါပဲ။ နိုင်ငံခြားဘွဲ့ ACCA  part I, part II တွေလည်း အလုပ်ဖြစ်ပါတယ်၊ ဒါပေမယ့် တကယ် တတ်ရမှာပါ၊ ဘာဘွဲ့ကြီး ကိုင်လာကိုင်လာ သူတို့က ခိုင်းလို့ရမှ၊ သူတို့အတွက် အကျိုးရှိမှ ပိုက်ဆံပေးမှာပါ၊ ဒါက ရှင်းပါတယ်။

Auto CAD ကျွမ်းတဲ့သူတွေအနေနဲ့ ပုံဆွဲတဲ့ Draft Man အလုပ်တွေလည်း ပေါတာပဲ။ ကွန်ပျူတာကိုင်ရတာဆိုတော့ ပင်ပင်ပန်းပန်း လုပ်စရာမလိုဘူးပေါ့။ သူတို့လည်း တစ်လကို S$ 1800 လောက်တော့ အောက်ထစ် ရကြပါတယ်။ ဒါပေမယ့် ကံ ကိုတော့ ကျွန်တော်တို့ မေ့ထားလို့ မရဘူး။ တချို့လည်း လွယ်သလို၊ တချို့လည်း အခက်အခဲ ရှိပြီး တိတ်တိတ်ကလေး ပြည်တော်ပြန်ကြရ၊ မလေးရှားကို Stay ရှောင်ကြရပေါ့။

ဥပမာ တစ်ခု ပြောရရင် ကျွန်တော်လုပ်တဲ့ အိုင်တီ ကုမ္ပဏီမှာ အင်တာဗျူးကို ရေးဖြေ အရင်စစ်တယ်၊ လက်တွေ့တကယ် တတ်တဲ့သူအတွက် အလွန်လွယ်တဲ့ မေးခွန်းတွေပေါ့၊ အဲဒါအောင်မှ လူတွေ့ ဆက်စစ်တယ်၊ ၀င် ၀င်ချင်း S$ 2300 စပေးမယ့် Web Developer S$ 2500 ရမယ့် အောက်ခြေ ရာထူးလေးပေါ့၊ စင်္ကာပူတက္ကသိုလ်ကနေ ကျောင်းပြီးထားတဲ့ သူတစ်ယောက် လာဖြေတယ်၊ ကျတယ်။ မအောင်ဘူး။ အားလုံးက အံ့အားသင့်သွားတယ်။ ဘယ်သူမှလည်း မကယ်နိုင်ဘူး။ သူလည်း စိတ်ဓတ်ကျပြီး ပြန်သွားတယ်၊ သိပ်မကြာခင် နောက်တစ်ပတ် အတွင်းမှာပဲ S$2800 နဲ့ တခြားမှာ အဲဒီကလေး အလုပ်ရသွားတယ်။ ကဲ .. ကောင်းရော။

အိုင်တီ၊ စာရင်းကိုင်၊ အင်ဂျင်နီယာ သမားတွေအတွက် အသေအခြာ ပြင်ဆင်လာရင် အလုပ်အတွက် သိပ်စိတ်ပူဖို့ မလိုပါဘူး၊ အဲ တခြားအလုပ်တွေဖြစ်တဲ့ Marketing တို့၊ Sale တို့ Business Management တို့၊ Admin တို့အတွက်တော့ ကျွန်တော်တို့ ၀င်တိုးဖို့ သိပ်မလွယ်ဘူး။ အဲဒီ အလုပ်တွေအတွက် ဘာသာစကား၊ ဒေသ ကျွမ်းကျင်မှုနဲ့ အပေါင်းအသင်း မိတ်ဆွေ ကျယ်ပြန့်မှု တွေမှာပါ သူတို့ နိုင်ငံသားတွေက အားသာကြတဲ့အတွက် သူတို့ နိုင်ငံသားတွေကိုပဲ ခန့်ကြပါတယ်။ အဲဒါတွေထက်စာရင် မြန်မာပြည်က Chemistry သမားတွေနဲ့ Geology သမားတွေကမှ ကိုယ့်အဆက်အသွယ်နဲ့ကို အလုပ်လေးတွေ ရဖို့ လွယ်သေးတယ်။ ဒါပေမယ့် အခုနပြောတဲ့ အိုင်တီ၊ စာရင်းကိုင်၊ အင်ဂျင်နီယာသမားတွေကတော့ ကိုယ်ရဲ့ အရည်အချင်းနဲ့ အတွေ့အကြုံပေါ်မှာ မူတည်ပြီး စင်္ကာပူမှာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တွေပေါ့။ သတိပြုရမှာက အသက်မွေး ၀မ်းကျောင်း ပညာရပ်တစ်ခုခု ကျွမ်းကျင် မတတ်ပဲ မြန်မာပြည်မှာ အင်္ဂလိပ်စကား ဘွတ်ဘွတ်ရွှတ်ရွှတ် မွှတ်နေအောင် ပြောတတ်ရုံနဲ့တင်တော့ စင်္ကာပူမှာ အလုပ်ရဖို့ မသေချာပါဘူးဆိုတာပါပဲ။ အဲလိုပဲ ဘယ်လောက်ပဲ ပညာရပ်ဆိုင်ရာ လုပ်ငန်း ကျွမ်းကျင် ကျွမ်းကျင် အင်တာဗျူးလေးတောင် အင်္ဂလိပ်လို မဗျူးနိုင်ရင်လည်း အလုပ်ရဖို့ အခက်အခဲတွေ့ နိုင်ပါတယ်။

ကဲ ဘယ်ကစ အလုပ်ရှာကြမလဲ…

စင်္ကာပူမှာ အလုပ်လုပ်ဖို့ ကိုယ့်အားကိုယ်ကိုး အလုပ်ရှာတဲ့ နည်းနဲ့ ပွဲစားအပ်ပြီး အလုပ်ရှာတဲ့နည်း ဆိုပြီး ၂ နည်း ရှိပါတယ်။ ပွဲစားအပ်တာတော့ ပိုက်ဆံကုန်ပြီး သူများကို အားကိုးရတဲ့ နည်းမို့ ဒုတိယ ဦးစားပေးအဆင့်မှာ ထားပြီး ကိုယ့်ပညာ ကိုယ်ယုံပြီး ကိုယ့်အား ကိုယ်ကိုးမယ့် သူတွေအတွက် ပထမဦးစားပေး ပြောပြပါမယ်။ တချို့ကပြောကြတယ်၊ ပွဲစားနဲ့က သေခြာတယ်တဲ့၊ ကျွန်တော့် အမြင်ကတော့ အလုပ်ရဖို့ မရဖို့ထက် ကုန်ဖို့သေချာတာ ဖြစ်ပါလိမ့်မယ်။

စင်္ကာပူမှာ အလုပ်ရှာမယ်ဆိုရင် ဒေသထုတ် နေ့စဉ် သတင်းစာကြီး တစ်ခုဖြစ်တဲ့ The Strait Times မှာပါတဲ့ အလုပ်ကြော်ငြာတွေကနေတဆင့် အလုပ်လျှောက်ကြသလို အင်တာနက် အလုပ်ရှာဖွေရေး ၀ဘ်ဆိုက်တွေမှာ ကြည့်ပြီးတော့လည်း အလုပ်လျှောက်နိုင်ပါတယ်။ စင်္ကာပူမှာရှိတဲ့ အဓိက အလုပ်ရှာဖွေရေး ၀ဘ်ဆိုက်တွေကတော့

- http://www.jobsdb.com.sg
- http://www.jobstreet.com.sg
- http://www.jobscentral.com.sg
- http://www.st701.com
- http://www.monster.com.sg

ဝဘ်ဆိုက်က အလုပ်တွေပဲ ရှာရှာ၊ သတင်းစာက အလုပ်တွေပဲ ရှာရှာ သေခြာတာက အလုပ် လျှောက်လွှာကို အွန်လိုင်း(eMail)နဲ့ ပေးပို့ လျှောက်ထားတာဟာ ကျွန်တော့်တို့ အတွက် အဆင်ပြေဆုံးပါပဲ။ သွားစရိတ် လာစရိတ်မကုန်ဘူး၊ စာရွက်စာတမ်းကြေး မကုန်တော့ဘူးပေါ့။ ဒါကြောင့်မို့ စင်္ကာပူမထွက်ခင် ကွန်ပျူတာ အင်တာနက် ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်ဖို့လည်း လေ့လာခဲ့သင့်ပါတယ်။ အီးမေးလ်လေးတောင် မဖွင့်တတ်၊ မပို့တတ်နဲ့၊ Online Registration လေးတောင် မလုပ်တတ်တာဟာလည်း အလုပ်ရဖို့ အခက်အခဲ တစ်ခုပါပဲ။

အွန်လိုင်းက အလုပ်လျှောက်ဖို့ အပေါ်မှာ ပြောခဲ့တဲ့ ၀ဘ်ဆိုက် ငါးခုလုံးမှာ Register လုပ်ထားသင့်ပါတယ်၊ အဲဒီ နေရာမှာ သူ့ဝဘ်ဆိုက်နဲ့သူ Register လုပ်ပုံခြင်းတော့ သိပ်မတူပါဘူး၊ ဒါပေမယ့် သိပ်လည်း မခက်ခဲပါဘူး။ အသေအခြာ ဖတ်ပါ။ နည်းပညာပိုင်းအနေနဲ့ ဂရုပြုရမှာက Upload လုပ်မယ့် ဓါတ်ပုံရဲ့ အရွယ်အစားနဲ့ Attach လုပ်ရမယ့် Resume လို့ ခေါ်တဲ့ ဖိုင်အရွယ်အစားပါပဲ။ များသောအားဖြင့် Resume လို့ခေါ်တဲ့ ဖိုင်အရွယ် အစားဟာ Microsoft Word ဖိုင်အမျိုးအစားနဲ့ 200 kb ထက် မကြီးဖို့ တောင်းဆိုထားကြပါတယ်။ ဒီနေရာမှာလည်း Microsof Word ဖိုင်ရဲ့ Version ပါ။ အကောင်းဆုံးက Office 2000 Format ဖြစ်သင့်ပါတယ်။ ဒီလိုမဟုတ်ပဲ Office 2008 Version ဖြစ်လို့ File Extension က *.docx ဆိုရင် ကိုယ်အလုပ်လျှောက်တဲ့ ကုမ္ပဏီမှာ အဲဒီ 2008 Version ကို Update လုပ်မထားရသေးရင် ဖွင့်မရတဲ့ ပြဿနာ ဖြစ်နိုင်ပါတယ်။

အဲဒီတော့ အလုပ်လျှောက်ဖို့ Online Registration မလုပ်ခင်

၁။ Resume ကို စနစ်တကျ ပြင်ဆင်ပါ။

-       File Size 200 Kb ထက် မကြီးရ

-       Microsoft Office 2003 Format *.doc Version ထက် မြင့်သော Version (*.docx) မသုံးရ (ယခုနှစ်ပိုင်း 2008/2009 အတွက်သာ ဖြစ်ပါသည်။)

-       လိုအပ်သော အထောက်အထား Certificate များကို ဖိုင်ထဲတွင်ပင် Picture Format ဖြင့် တစ်ခါတည်း ထည့်ပေးပါ။ (သီးခြား ဖိုင်များဖြင့် Attach မလုပ်ရန်ကို ဆိုလိုသည်။)

၂။ အီးမေးလ် လိပ်စာတစ်ခုကို စနစ်တကျဖွင့်ပါ။ အကောင်းဆုံးကတော့ လူသုံးများတဲ့ Gmail လို အီးမေးလ်လိပ်စာကို ယူပါ။ သူက စာတွေအများကြီး သိမ်းထားလို့ရပါတယ်။ တခြားမေးလ်လေးတွေက 5mb, 20mb လောက်ပဲ ပေးတာမို့ ကိုယ်က အလုပ်တွေအများကြီးကို လျှောက်တဲ့အခါ Mail Server ပြည့်နေပြီး အခက်တွေ့တတ်ပါတယ်။ အီးမေးလ်လိပ်စာကို ကဗျာဆန်ဆန်တွေ ရှည်ရှည်ဝေးဝေး တွေးမပေးပါနဲ့ အတိုဆုံး အလွယ်ဆုံးကို ကိန်းဂဏန်းတွေနဲ့ တွဲပေးပါ။ ဖတ်ရလွယ်ဖို့က အဓိကပါ။ ဥပမာ Kyaw Mg Mg Zaw ဆိုတဲ့ နာမည်အတွက် kyaw123@gmail.com တို့ kyaw501@gmail.com တို့ ဖတ်ရ မှတ်ရလွယ်မယ့် အမည်တွေကို ရွေးပါ။ Password ကိုတော့ အရမ်းလွယ်တာကြီး မဟုတ်သလို၊ သိပ်ခက်ခဲပဲ မှတ်ရခက်နေတာမျိုးတွေလည်း မဖြစ်သင့်ပါဘူး။ ဘာလို့ ဒါတွေကို အသေးစိတ် ပြောနေရလည်း ဆိုရင် ဘာမဟုတ်တဲ့ အသေးအမွှားလေးတွေဖြစ်တဲ့ password မေ့သွားတာတို့၊ ကိုယ့် မြန်မာနာမည်က မြန်မာအချင်းချင်း ခေါ်ဖို့ အဆင်ပြေပေမယ့် သူတို့အတွက်ကျ မှတ်ရ၊ ဖတ်ရခက်နေတာတို့ မဖြစ်အောင်လို့ပါ။

၃။ Cover Letter တစ်ခုကို အတိုဆုံး၊ အရှင်းဆုံးနဲ့ ကိုယ့်အရည်အချင်းတွေဟာ ကိုယ်လျှောက်မယ့် အလုပ်နဲ့ အံဝင်ခွင့်ကျ ဖြစ်တယ်ဆိုတာကို အလုပ်ခေါ်တဲ့ အလုပ်ရှင် သိသာ၊ မြင်သာသွားအောင် ရေးပါ။ Oline ပေါ်မှာ ကိုးကားဖို့ Website တွေရှိပါတယ်။

Cover Letter တွေ ကြည့်ဖို့ Web Site အချို့ကိုလည်း အောက်မှာ ထည့်ပေးလိုက်ပါတယ်၊ နည်းနည်း လေ့လာကိုးကားလို့ ရတာပေါ့။ ပြီးတော့ ကျွန်တော့်ရဲ့ CV နဲ့ Recommendation တွေကိုလည်း Sample အဖြစ်နဲ့ Download Link ထည့်ပေးလိုက်ပါတယ်။

http://www.csuchico.edu/plc/coverltr-ex.html
http://www.quintcareers.com/cover_letter_samples.html
http://www.careercc.com/resumpr.shtml#Specific%20Cover%20Letter

အားလုံး အဆင်သင့် ဖြစ်ပြီဆိုရင်တော့ Online Register လုပ်ပြီး အလုပ်တွေ စလျှောက်ရုံပေါ့။ အပေါ်မှာ ပြောခဲ့တဲ့ အလုပ်ရှာဖွေရေး ၀ဘ်ဆိုက်တွေမှာ Register လုပ်ရင် သူတို့က Resume တစ်ခု တောင်းပါလိမ့်မယ်၊ အဲဒီအခါ ကိုယ့်ရဲ့ အသင့်လုပ်ပြီးသား Resume ကို Upload လုပ်ပေး လိုက်ရုံပါပဲ။ ဒါမှ သူတို့ ၀ဘ်ဆိုက်မှာ ကြော်ငြာထားတဲ့ အလုပ်ခေါ်စာတွေကို လျှောက်ရင် သူတို့ဆီကနေတဆင့် အလွယ်တကူ တင်ပေးပါလိမ့်မယ်။ ဒါအပြင် နေ့စဉ် ကိုယ်နဲ့ လိုက်ဖက်မယ့် အလုပ်တွေကိုလည်း အီးမေးလ်နဲ့ ကိုယ်ဆီ ပို့ပေးပါတယ်။ အဲဒီ လိပ်စာတွေကနေ တဆင့် အလုပ် လျှောက်လွှာ တင်ရုံပါပဲ။ ဂရုပြုရမှာက အချို့ လုပ်ငန်းတွေက Online ပေါ်က အလုပ်ရှာဖွေရေး ၀ဘ်ဆိုက်တွေကနေ တဆင့် မဟုတ်ပဲ တိုက်ရိုက် အီးမေးလ်ပို့ဖို့ တောင်းဆိုတတ်ကြပါတယ်။ အဲဒါမျိုးတွေကိုတော့ အီးမေးလ်နဲ့ သီးသန့် ပို့ပါ။

Online Job Site တွေကနေတဆင့် အလုပ်လျှောက်ရသလို နေ့စဉ်ထုတ် The Strait Time သတင်းစာထဲက ကြော်ငြာတွေကနေလည်း အလုပ်လျှောက်ရပါမယ်။ The Strait Time သတင်းစာက တစ်စောင်ကို စင်္ကာပူဒေါ်လာ ပြား ၈၀ ပေးရပါတယ်။ မနက် ၈ နာရီလောက်ဆို ကိုယ်နဲ့နီးတဲ့ ဆဲဗင်းအီလဲဗင်း စတိုးဆိုင်လေးတွေမှာ ၀ယ်လို့ရပါတယ်။ မြန်မာပြည်က သတင်းစာတွေလို ပါးပါးလေး မဟုတ်ပဲ အထူကြီးပါ။ သူ့ဏ္ဍအလိုက် အစောင်တွေ အပိုင်းပိုင်းဖြစ်နေတာမို့ အားလုံးအကုန်အစုံပါဖို့ ဂရုပြုပါ။ အဓိကကတော့ ကိုယ့်က အလုပ်ရှာမှာဆိုတော့ Recruitment အပိုင်းကိုပေါ့။ သတိပြုရမှာက ဗုဒ္ဓဟူးနဲ့ စနေနေ့တွေပါ။ အဲဒီနေ့တွေမှာ အလုပ်ကြော်ငြာတွေ ပိုပြီး ပါတာမို့ သတင်းစာကြီးက အထူကြီးဖြစ်နေတတ်ပါတယ်။ ကိုယ်ကလည်း တခြားနေ့တွေ မ၀ယ်ဖြစ်ရင်တောင် အဲဒီနေ့ကို စောစောထ ၀ယ်ပြီး အလုပ်လျှောက်သင့်ပါတယ်။ စောစောထ ဆိုတာကလည်း ဂရုပြုရမယ့် အချက်ပါ။ ရုံးတွေရဲ့ ထုံးစံအတိုင်း ဘယ်သူမှ ရောက်ရောက်ချင်း အလုပ်မလုပ်ကြဘူး၊ ကွန်ပျူတာလေးဖွင့် အီးမေးလ်စစ်၊ ကော်ဖီလေးဖျော် ဆိုတော့ အဲဒီ မနက် ၉ နာရီလောက် သူတို့ အီးမေးလ်စစ်ချိန်မှာ ကိုယ့် အလုပ် လျှောက်လွှာ အီးမေးလ်က ရောက်နေသင့်ပါတယ်။ အဲဒါဆိုရင် ကိုယ့်ရဲ့ အလုပ်လျှောက်လွှာ အီးမေးလ်က သူတို့ အတွက် ပထမဆုံး ဂရုပြုမိတဲ့ စာရင်းထဲ ရောက်သွားတာပေါ့။ ဒါက ဖြစ်နိုင်ရင်ပါ။

ကုမ္ပဏီအလိုက်တော့ မူတွေ ပုံစံတွေ မတူပါဘူး။ တစ်ချို့ အင်တာနက်မှာ၊ သတင်းစာမှာ ကြော်ငြာလိုက်တယ်။ နောက်နေ့ လျှောက်လွှာတွေ လက်ခံတယ်၊ အဆင်ပြေမယ် ထင်တဲ့သူတွေ ဆီကို ဖုန်းဆက်ပြီး အင်တာဗျူးဖို့ ချိန်းမယ်။ နောက် အင်တာဗျူးမယ်၊ ကြိုက်ရင် လစာညှိ၊ သဘောတူရင် တစ်ခါတည်း တန်းခန့်ပေါ့။ ကုမ္ပဏီ ကြီးတွေ ကြလည်း နောက်ဆုံး လျှောက်ထားရမယ့် လျှောက်လွှာ ပိတ်ရက်ကို ထည့်ပေးထားတယ်၊ အဲဒီနေ့ မရောက်မခြင်း လျှောက်လွှာ လက်ခံတယ်၊ အဲဒီ အထဲကမှ စကာတင် စိတ်ကြိုက် ရွေးပြီး လူတွေ့ခေါ်ဖို့ အကြောင်းကြားနဲ့ အဆင့်ဆင့်ပေါ့။ ဘာပဲဖြစ်ဖြစ် ကိုယ်က လိုချင်တဲ့သူ ဆိုတော့ ၀ီရိယတော့ ပိုရမှာပေါ့။

အလုပ်တွေ လျှောက်ပြီးရင် လုပ်ရမယ့်အလုပ်က တယ်လီဖုန်းကို အချိန်ပြည့် ခေါ်လို့ ဆက်လို့ရအောင် လုပ်ထားဖို့ပဲ။ ဟိုက အင်တာဗျူးဖို့ ခေါ်မှ ဖုန်းက အားမရှိတော့တာနဲ့၊ ဖုန်းထဲမှာ ပိုက်ဆံကုန်နေလို့ ပြောမရတာနဲ့ အခက်တွေမှာ စိုးလို့ပါ။ နောက်ပြီး အလုပ်လျှောက်ထားတဲ့ ကုမ္ပဏီတွေဆီကို Follow Up လုပ်ပြီး ဖုန်းဆက်မေးဖို့ပဲ။ စကာတင် စာရင်းကို လှမ်းပြောပါ့မယ်၊ ဖုန်းမဆက်ပါနဲ့ လို့ မတားတဲ့ ကုမ္ပဏီမှန်သမျှ ဖုန်းဆက်ပြီး မေးပါ။ ငါလျှောက်ထားတယ်၊ ဘယ်လိုလဲ၊ ဘာလဲပေါ့။ သူတို့အခေါ်ကို တမေ့တမော စောင့်မနေနဲ့။ ကိုယ်က ဗီဇာပြည့်ရင် ပြန်ရမှာဆိုတာ မမေ့နဲ့။

အင်တာဗျူးခေါ်ဖို့ သွားပြီဆိုရင်လည်း တည်တည်ငြိမ်ငြိမ် ဖြစ်သင့်ပါတယ်။ သိပ်ပြီး ဂရုစိုက်နေဖို့ မလိုပါဘူး။ ရခြင်ဇောတွေ အရမ်း အားမကြီးပါနဲ့။ အ၀တ်အစားကိုလည်း ၀တ်နေကြအတိုင်း ပေါ့ပေါ့ပါးပါးပဲ ၀တ်ပါ။ သပ်သပ်ရပ်ရပ်ဖြစ်ဖို့ပဲ အရေးကြီးတာပါ။ အင်တာဗျူးသွားဖို့ အိမ်က မထွက်ခင် ဘော်ပင်၊ ခဲတံနဲ့ လိုအပ်တဲ့ ကိုယ့် စာရွက်စာတမ်း မူရင်းတွေ စုံရဲ့လား ဆိုတာပါပဲ။

အင်တာဗျူးသွားတဲ့အခါ လိုအပ်ရင် Taxi သုံးပါ။ ဘာနဲ့သွားသွား ချိန်းတဲ့ အချိန်ထက် နာရီဝက်လောက်တော့ စောရောက်နေအောင် သွားပါ။ အင်တာဗျူး ဖြေတဲ့ အခါမှာလဲ မပြာပါနဲ့။ ကိုယ့်အတွေ့ အကြုံတွေနဲ့ ကိုယ်လုပ်နိုင်တာတွေကို သူတို့သိအောင် ပြောနိုင်ဖို့ ကြိုးစားပါ။ သူတို့ကြိုက်ရင် ခန့်လိမ့်မယ်။ သိပ်အောက်ကျခံပြီး မျက်နှာငယ်လေးနဲ့ လုပ်မနေပါနဲ့။ ကိုယ့်ကိုယ်ကိုမှ ယုံကြည့်မှု မရှိဖြစ်နေရင် သူတပါးကလည်း ကိုယ်ကို ယုံရဲမှာ မဟုတ်ပါဘူး။

ကဲ … ဒီလောက်ဆိုရင်

အလုပ်ဘယ်လိုလျှောက်ရမလဲ ဆိုတာ နည်းနည်းတော့ မြင်လောက်မယ် ထင်ပါတယ်။ နောက်တစ်ခု ပြောချင်တာက ရချင်ဇော များပြီး စိုးရိမ်စိတ်တွေ ပိုမှာကို ကြိုပြင်ထားဖို့ပါ။ စင်္ကာပူကို ရောက်လို့ နှစ်ပတ်ကျော်လိုမှ အင်တာဗျူး တစ်ခုတောင် မရသေးဘူးဆိုရင် အားလုံးက ကြောင်တောင်တောင်နဲ့ ပြာလာတတ်တယ်။ လူတိုင်း ဒီလိုပဲဆိုတာ သတိပြုပါ။ ဒီက လုပ်ငန်းရှင်တွေက မြန်မာဝန်ထမ်းတွေကို ခန့်ချင်ကြတယ်။ အဲလိုပဲ မြန်မာတွေ Short Visit နဲ့လာတဲ့ Stay အခက်အခဲကိုလည်း သူတို့က သိထားကြတယ်။ အဲဒီတော့ ဈေးနှိမ်ပြီး ပေးချင်ကြတယ်။ ကိုယ်က အရမ်းကြီး မပြာပဲ စိတ်ကြိုက်ဈေး ရအောင် တောင်းနိုင်ဖို့ကတော့ ကိုယ်ရဲ့ ဥာဏ်ရယ်၊ ကြိုးစားမှု ၀ီရိယရယ်၊ အရေးကြီးဆုံးဖြစ်တဲ့ ကံရယ်ကိုပဲ အားကိုးကြရမှာပေါ့။ ပုတီးစိတ်နည်း ပေါင်းစုံနဲ့ ဘုရားရှိခိုး မျိုးစုံကို ကျက်ခဲ့ဖို့လည်း မမေ့နဲ့ပေါ့။

လစာ စိတ်ကြိုက်တောင်းနိုင်ဖို့ လိုသလို အလုပ်ချိန်တွေကိုလည်း သေချာအောင် Confirm လုပ်သင့်ပါတယ်။ စင်္ကာပူမှာ များသောအားဖြင့် တစ်ပတ်ကို ၅ ရက်ခွဲ ၆ ရက် အလုပ်လုပ်ကြရတယ်၊ တနင်္လာကနေ စနေနေ့တစ်ဝက် ဒါမှမဟုတ် စနေတစ်နေ့လုံးပေါ့။ တချို့ကတော့ ၇ ရက်အထိ လုပ်ခိုင်းတဲ့ ကုမ္ပဏီတွေလည်း ရှိတယ်။ တော်တော် ဆိုးတဲ့အလုပ်တွေပါ၊ မလျှောက်သင့်၊ မလုပ်သင့်ပါဘူး။ ဖြစ်နိုင်ရင် 5 Days Work လို့ခေါ်တဲ့ တစ်ပတ်ကို ၅ ရက်ပဲ အလုပ်လုပ်ရတဲ့ အလုပ်တွေကိုရှာပါ။

နောက်တစ်ခု ဂရုပြုရမှာက SPass, EP လျှောက်ပေး/မပေးပါ။ SPass ဆိုတာက စင်္ကာပူမှာ အလုပ်လာလုပ်တဲ့ နိုင်ငံခြားသားတွေအတွက် တရားဝင် အလုပ်လုပ်ခွင့် ပါမစ်ပေါ့။ လစာ ၁၈၀၀ ကနေ ၂၄၉၉ အတွင်းရတဲ့သူတွေကို ထုတ်ပေးတယ်။ EP ကတော့ ၂၅၀၀ အထက်ပေါ့။ အဲဒီတွေက ကုမ္ပဏီက လျှောက်ပေးရတာပါ။ သူတို့ဆီမှာ Quota ကျန်မှ လျှောက်လို့ရတာပါ။ တချို့ကုမ္ပဏီတွေက လစာကို ၁၄၀၀ လောက်ပဲပေးမယ်၊ ဒါပေမယ့် SPass လျှောက်ပေးမယ်တို့ ဘာတို့ တရားမ၀င် ညှိတတ်ပါတယ်။ မလုပ်သင့်ပါဘူး။ နောက်တစ်ခါ လစာကို နှိမ်ပြီး Over Time နဲ့ မဲဆွယ်တတ် ပြန်တယ်။ အစကတည်းက ကိုယ့်ကို မဟုတ်တာလုပ်ဖို့ စီစဉ်နေမှတော့ နောက်ပိုင်းလည်း သိပ်ကောင်းဖို့ လမ်းမရှိတာမို့ မရွေးခြယ်သင့်တဲ့ အလုပ်တွေပါ။ ကိုယ့်ပညာကို ကိုယ်ယုံတယ်ဆိုရင်တော့ 5 Days Work အလုပ်ကို ရအောင်ရှာ ၁၈၀၀ တန်တဲ့သူက ၁၈၀၀ အပြည့်ရအောင်တောင်းပြီး SPass တင်ခိုင်း။ ၂၅၀၀ ရမယ့်သူကလည်း EP တင်ခိုင်းပြီး မှန်မှန်ကန်ကန် အလုပ်ဝင်နိုင်ရင် အကောင်းဆုံးပါပဲ။

ကဲ ဒါဆိုရင် အလုပ်ရတဲ့ အခါ အိုင်တီမောင်မောင်ကို ဖုန်းဆက်ပြီး ကော်ဖီတိုက်ဖို့ပဲ ကျန်တော့တယ်လို့ ပြောရင်း .....။

စင်္ကာပူကို လာမယ်ဆိုရင် အပိုင်း(၁) 4/2/2008 12:12:11 AM

စင်္ကာပူကို အလုပ်လာရှာချင်ရင် ဘာတွေ ပြင်ဆင်ဖို့ လိုမလဲ ဆိုတာလေးတွေ ရေးပေးစမ်းပါ ဆိုပြီး တောင်းဆိုကြလွန်းတဲ့ သူတွေအတွက် တတ်သလောက်မှတ်သလောက် အတွေ့အကြုံလေးတွေ ရေးလိုက်ပါတယ်။

စင်္ကာပူကို အလုပ်လာရှာမယ့် သူတွေအတွက် အပိုင်း ၃ ပိုင်း ခွဲပြီး ပြောပါမယ်၊ ပထမပိုင်းက စင်္ကာပူကို လာမယ့် သူတွေပြင်ဆင်ရမယ့် ပြည်ဝင်ခွင့် ဗီဇာ အပါအ၀င် လေယာဉ်လက်မှတ်အကြောင်းက အစပေါ့။ ဒုတိယအပိုင်းမှာ ဒီမှာ ရှိနေတဲ့ အလုပ်သဘောသဘာဝနဲ့ အလုပ်ရှာပုံ ရှာနည်းတွေ၊ တတိယအချက်က နေရေး ထိုင်ရေး စားရေး သောက်ရေးအတွက် အိမ်ခန်းရှာတာကအစ၊ ရထားလမ်းကြောတည်နေပုံနဲ့ ရပ်ကွက်တွေ ဈေးနှုန်းတွေအကြောင်းပေါ့။ ရေးပေးချင်တဲ့ ပုံစံကတော့ အားလုံးအတွက် အပြည့်အစုံပါ။ ကျန်းမာရေး၊ ဘာသာရေး၊ မြန်မာအဖွဲ့အစည်းတွေနဲ့ မြန်မာတွေ စိုးမိုးထားတဲ့ မြို့လည်ခေါင် City Hall နားက Pennisular အဆောက်အဦးကြီးပေါ်က ဆိုင်တွေအကြောင်းကအစပေါ့။ ဒါပေမယ့် ရောက်တာ သိပ်မကြာသေးတော့ အတွေ့အကြုံ သိပ်မရှိသေးတာရယ်၊ အလုပ်တစ်ဘက်နဲ့ မအားတာရယ်မို့ တတ်နိုင်သလောက်ပဲ မပြည့်မစုံ စုဆောင်း ရေးသားလိုက်ပါတယ်။

ပထမပိုင်း

မြန်မာနိုင်ငံကနေ ဘယ်နိုင်ငံကိုပဲ သွားသွား တရားဝင်သွားမယ်ဆိုရင် Passport ဆိုတဲ့ မြန်မာနိုင်ငံ အစိုးရက တရားဝင် ထုတ်ပေးတဲ့ နိုင်ငံကူး လက်မှတ် လိုပါတယ်။ ဒါအားလုံး သိပြီးသားပါ။ ပြီးရင် ကိုယ်သွားမယ့် နိုင်ငံရဲ့ ပြည်ဝင်ခွင့် ဗီဇာပေါ့။ ဒီနေရာမှာ နိုင်ငံအလိုက် စည်းကမ်း သတ်မှတ်ချက်တွေနဲ့ အတူ သွားမယ်ပုံစံပေါ်မှာပါ မူတည်ပြီး ကွဲပြားလာပါတယ်။ စင်္ကာပူကို သွားမယ့် မြန်မာနိုင်ငံက လူငယ်တွေ အတွက်တော့ ကျောင်းသွားတက်မယ်ဆိုတဲ့ Student Visa နဲ့ အလည်အပတ် သွားမယ်ဆိုတဲ့ Short Visit Visa ဆိုပြီး နည်း ၂ နည်း အသုံးများနေပါတယ်။

Student Visa ကတော့ စင်္ကာပူမှာရှိတဲ့ ကျောင်းတစ်ကျောင်းမှာ ကျောင်းတက်မယ်လို့ အကြောင်းပြ၊ ကျောင်းအပ်ပြီး ကျောင်းသားအဖြစ် လာတဲ့ နည်းပါ။ ဒီနေရာမှာ အစိုးရကျောင်းနဲ့ ပုဂ္ဂလိက ကျောင်းရယ် အခွင့်အရေးနဲ့ အခြေအနေတွေ အရမ်းကွာသွားပါတယ်။ တကယ် ပညာသင်ချင်တာမို့၊ ပိုက်ဆံလည်း ချမ်းသာလို့ ကျောင်းလာတက်မယ့်သူတွေကို ဘာမှ မပြောချင်ပေမယ့် အလုပ်လုပ်မှာ စင်္ကာပူမှာ တရားဝင်နေထိုင်ခွင့် Stay ရချင်လို့သာ ကျောင်းအပ်လိုက်တာဆိုတဲ့ သူတွေကိုတော့ ပြင်းပြင်းထန်ထန် တားမြစ်ချင်ပါတယ်။

ပိုပြီး ဆိုးတာက ပုဂ္ဂလိက ကျောင်းတွေဆိုရင် ပိုးစိုးပက်စက် ကန့်ကွက်ပါတယ်။ မြန်မာပြည်မှာ ပုဂ္ဂလိကကျောင်း ကိုယ်စားလှယ်တွေကိုလည်း တစ်ခါတည်း တောင်းပန်ချင်ပါတယ်။ ကိုယ့်တစ်ကိုယ်စာ ကောင်းစားရေးကိုပဲ မကြည့်ကြပါနဲ့၊ လူငယ်တွေရဲ့ အနာဂါတ်ကို အတုအယောင်မက်လုံးတွေနဲ့ မဖျက်စီးကြပါနဲ့လို့။

စင်္ကာပူမှာ ရှိတဲ့ ပုဂ္ဂလိကကျောင်းတွေအားလုံးဟာ သူတို့ ပိုက်ဆံရဖို့ ဖွင့်ထားတာပါ၊ ရှင်းပါတယ်။ သူတို့ အကျိုးက ပထမပါ။ စင်္ကာပူ အစိုးရရဲ့ ဥပဒေအရ ပုဂ္ဂလိက ကျောင်းတွေမှာ တက်နေတဲ့ နိုင်ငံခြားသား ကျောင်းသူ/ကျောင်းသားတွေဟာ အချိန်ပိုင်း၊ အချိန်ပြည့် ဘာအလုပ်မှ တရားဝင် လုပ်လို့ မရပါဘူး၊ အဲဒီတော့ မြန်မာလူငယ်တွေ၊ မိန်းခလေးရော၊ ယောက်ျားလေးရော အလုပ်ခိုးလုပ်ကြရပါတယ်။ စင်္ကာပူ ရဲက မိသွားရင် ဒဏ်ငွေ S$ 5000 ဒဏ်ရိုက်ပါတယ်၊ ကြိမ်ဒဏ်လည်း ရှိပါတယ်။

အစိုးရကျောင်းက ကျောင်းသူ/ကျောင်းသားတွေကတော့ အချိန်ပိုင်း လုပ်ခွင့်ရပါတယ်။ ဒါပေမယ့် ပင်ပင်ပန်းပန်း အလုပ်တွေ လုပ်ရပြီး တစ်နာရီကို S$ 5 ၀န်းကျင်ပဲရကြပါတယ်။ လုပ်ရတာတွေက တစ်ညလုံး ကားရေဆေးရတာတို့၊ ၅ နာရီ ၆ နာရီလုံးလုံး မထိုင်ရပဲ ဆပ်ပြာရည်တွေထဲမှာ လက်နှစ်ပြီး ပန်းကန်ဆေးနေရတာတို့၊ တော်တော်ကို ပင်ပန်းဆင်းရဲတဲ့ အလုပ်တွေပါ။

အခြေအနေတစ်ခုမှာ ကိုယ့်ရဲ့ ကြိုးစားမှုနဲ့ စင်္ကာပူအစိုးရကျောင်းကို ရအောင်တက်၊ စာကြိုးစားပြီး အားတဲ့ အချိန်မှာ အိမ်က မိဘ ပိုက်ဆံမပို့ရအောင် အပင်ပန်းခံပြီး ကြိုးစားလုပ်ကိုင်နေကြတဲ့ လိမ္မာတဲ့ လူတော် ညီငယ်၊ ညီမတွေကိုတော့ အပြစ်ပြောစရာ မရှိပါဘူး၊ အားပေးပါတယ်။ သူတို့က အချိန်တန်ရင် အဆင့်မြင့်ဘွဲ့တစ်ခုရပြီး ရာထူးကြီးကြီး လစာကောင်းကောင်း နေရာတွေမှာ အဆင့်အတန်းရှိရှိ လုပ်ကိုင်နိုင်ကြမှာပါ။ အရိပ်လိုချင်လို့ နေပူက စောင့်တဲ့သဘောပါ။

အဓိက အပြစ်ပြောပြီး သတိပေးချင်တာက ပုဂ္ဂလိကကျောင်းတွေနဲ့ အဲဒီကျောင်းတွေမှာ ဟန်ပြကျောင်းအပ်ပြီး အလုပ်ရှာမယ့် သူတွေကိုတော့ လုံးဝ(လုံးဝ) မလုပ်ကြဖို့ ပြောလိုပါတယ်။ အခု ဆိုရင် စင်္ကာပူအစိုးရက ပုဂ္ဂလိက ကျောင်းတွေမှာ ကျောင်းသားတွေ တကယ်ကျောင်းမတက်တဲ့ ကိစ္စကို စပြီး ကိုင်တွယ်နေပြီ၊ ဟိုတယ်တွေ အလုပ်တွေကိုလည်း နိုင်ငံခြားသား ပုဂ္ဂလိက ကျောင်းသားတွေကို အလုပ်မခန့်ဖို့ အလုပ်ခန့်တာကို စီမံချက်နဲ့ စစ်ဆေးတွေ့ရှိရင် အလုပ်ရှင်ကိုပါ ဒဏ်ငွေ ရိုက်မယ်ဆိုတဲ့ သတိပေး အကြောင်းကြားစာတွေ ပို့နေပြီ။

အဲဒီတော့ မြန်မာပြည်ကနေ ပိုက်ဆံတွေ သိန်း ၄၀၊ ၅၀ အကုန်ခံပြီး ပုဂ္ဂလိကကျောင်း အပ်မယ်၊ အလုပ်လုပ်မယ်ဆိုတဲ့ စိတ်ကူးတွေ၊ ဘယ်နှစ်လ သင်တန်း၊ ဘယ်နှစ်လ လက်တွေ့ အလုပ်ခွင်၊ ဘယ်နှစ်လဆို ဘာဖြစ်ပြီဆိုတဲ့ ဘယ်သူသေသေ ငတေကြီး မာရင်ပြီးတာပဲဆိုတဲ့ ကျောင်းပွဲစားတွေရဲ့ မက်လုံးတွေကို မယုံကြနဲ့။ ကိုယ်နီးစပ်ရာကိုလည်း လက်တို့ပြီး သတိပေးလိုက်ကြပါဦး။ ကျောင်းပွဲစားကတော့ သူပွဲစားခ ရဖို့ပဲ အဓိကလေ၊ တချို့ဆို ပိုပြီးဆိုတာက ဒီမှာ S$800 လောက်နဲ့ ကျောင်းအပ်လို့ရတဲ့ နာမည်မရှိတဲ့ ဟန်ပြ ကျောင်းသေးသေးလေးတွေကို မြန်မာပြည်မှာ ဟိတ်လုံးတွေ ထုတ်ပြီး S$2000 လောက်နဲ့ လက်ခံပြီး ပွဲစားခ ယူနေကြတာတွေလည်း အများကြီးပဲ။ ဒီရောက်မှ ဒုက္ခရောက်ပြီး ပိုက်ဆံတွေ နှမြေနေကြရတဲ့ သူတွေလည်း အများကြီးပဲ။

အကောင်းဆုံးကတော့ မြန်မာပြည်မှာ ကိုယ့်ရဲ့ အရည်အသွေးကို နိုင်ငံတကာအဆင့် မြင့်အောင်မြှင့်ပြီး အလုပ်ကောင်းကောင်း လာရှာဖို့ ပါပဲ။ (တချို့ကပြောတယ် မြန်မာပြည်မှာ ဘယ်ပညာရေး၊ ဘယ်လို လုပ်ငန်းအတွေ့အကြုံနဲ့ ဘယ်လို နိုင်ငံတကာအဆင့် မြှင်လို့ရမလည်း ဆိုပြီး - အဲဒါဟာ ခပ်တုံးတုံး နိုင်ငံရေးသမားယောင်ယောင်၊ ဘာယောင်ယောင် အချို့ရဲ့ အောင်မြင်အောင် မတည်ဆောက်နိုင်ခဲ့တဲ့ သူတို့ရဲ့ ဘ၀ ခပ်စုပ်စုပ်ကို နမူနာထားပြီး ပြောတဲ့စကားပါ၊ ဒီမှာ မြန်မာမှ မြန်မာ ဆိုပြီး မြန်မာပြည်က ရခဲ့တဲ့ အတွေ့အကြုံတွေနဲ့ အဆင့်အတန်းမြင့်မြင့် ကောင်းစားနေတဲ့ သူတွေ တပုံကြီးပါပဲ။)

ကဲ အလုပ်လာရှာဖို့ အသင့်ဖြစ်ပြီဆိုရင် (ဘယ်လောက်မှ အသင့်ဖြစ်တယ် ဆိုတဲ့ အကြောင်း နောက်တစ်ပိုင်းမှာ ထည့်ရေးထားပါတယ်) စင်္ကာပူကို လာမယ့် ကိစ္စ၊ Short Visit Visa ရဖို့။ စင်္ကာပူအစိုးရက အလုပ်လာရှာမယ့် သူတွေ၊ ခေတ္တခဏ အလည်အပတ်လာမယ့် သူတွေအတွက် စင်္ကာပူမှာ နေထိုင်ခွင့်ကို Short visit visa ၃ လအထိ အလွယ်တကူ ထုတ်ပေးပါတယ်။ ဘာတွေ လိုအပ်သလဲဆိုရင် (ကုန်သည်တွေရဲ့ ဖြတ်သွားဖြတ်လာ ပုံစံကို ကျော်ခဲ့ပါမယ်) အကြမ်းအားဖြင့် စင်္ကာပူနိုင်ငံသား တစ်ဦးဦး ဒါမှ မဟုတ် PR – Permanent Resident တစ်ဦးဦးရဲ့ စင်္ကာပူကို လာရောက်လည်ပတ်ဖို့ ခေါ်တဲ့ ဖိတ်စာ လိုပါတယ်၊ ဒါကလည်း ကိုယ့်အဆက်အသွယ် ရှိရင် ရှိသလို ဘာမှ မခက်ပါဘူး၊ အဆက်အသွယ် မရှိခဲ့ရင်လည်း စင်္ကာပူက သူငယ်ချင်းတစ်ဦးဦးကို အကူအညီတောင်းရင် Pennisular Palaza ပေါ်က မြန်မာ ကုမ္ပဏီတွေက အကျိုးဆောင်ခ ယူပြီး အစအဆုံး လုပ်ပေးကြပါတယ်။ ကျွန်တော့် အတွေ့အကြုံအရ မြန်မာပြည်ကနေ ကိုယ့်ရဲ့ လိုင်စင်ဓါတ်ပုံ(နောက်ခံအဖြူရောင်)နဲ့ ဓါတ်ပုံ တစ်ပုံရယ် နိုင်ငံကူးလက်မှတ် Scan ဖတ်ထားတဲ့ ဖိုင်ရယ်ကို ပို့ပေးရုံပါပဲ။ သူတို့ ရဲ့ အကျိုးဆောင်ခက အပြီးအစီး S$ 50 ပဲ ကုန်ကျပါတယ်။ မြန်မာပြည်က စင်္ကာပူသံရုံးကိုတောင် ၀င်စရာမလိုတော့တဲ့ Visa ကို ရန်ကုန်က သူတို့ရဲ့ ရုံးခွဲမှာ သွားယူပြီး လေယာဉ်ကွင်း ဆင်းလာရုံပါပဲ။

အဲလိုမဟုတ်ပဲ ကိုယ့်မိတ်ဆွေဆီကနေ အဆက်အသွယ်နဲ့ ဖိတ်မယ်ဆိုရင်တော့ အင်တာနက်ကနေ ဖိတ်စာပုံစံ ဆွဲချပြီး စင်္ကာပူမှာရှိတယ် ကိုယ်ကို ဖိတ်မယ့်သူက ဖြည့်ပေးရပါမယ်၊ ပြီးရင် အဲဒီဖိတ်စာရယ်၊ ဖိတ်တဲ့သူရဲ့ PR card မိတ္တူရယ်နဲ့ ရန်ကုန်မှာ ရှိတဲ့ စင်္ကာပူ သံရုံးကို ၀င်ရပါတယ်၊ အသွားအပြန် လေယာဉ်လက်မှတ်ကတော့ Short Visit နဲ့ လာမယ့်သူ ဘယ်သူမဆို ၀ယ်ဖို့ လိုပါတယ်။ အဲဒီ အသွားအပြန် လေယာဉ်လက်မှတ်ပါ ပူးတွဲပြီး သံရုံးကိုဝင်ရင် သံရုံးကနေ Visa ထုတ်ပေးပါတယ်။ စင်္ကာပူသံရုံးဝင်ခက ရန်ကုန်မှာ S$ 20 ဆိုလား အတိအကျ ကျွန်တော် မသိပါဘူး။ Visa မှ လက်ထဲရောက်ပြီဆိုရင် သွားဖို့ တော်တော်ပြီးသွားပါပြီ။

D-Form လို့ခေါ်တဲ့ မြန်မာနိုင်ငံ လ၀က ရဲ့ ပြည်ပထွက်ခွာခွင့် ပုံစံကိုတော့ Online ကတင် အလွယ်တကူ လျှောက်ထားလို့ရပါတယ်။ (မြန်မာပြည်မှာ လွယ်လွယ်ကူကူ eGoverment ဆိုလို့ ဒါလေးတစ်ခု မြင်မိတာပဲ၊ ကျွန်တော် ညံ့တာလဲ ပါမှာပါလေ..)။ ကိုယ်တိုင်လုပ်ပါ၊ အချက်အလက်တွေ မှန်တယ်ဆိုရင် တစ်ရက်တောင် အချိန်မကူးပဲ အလွယ်တကူ ထွက်ခွာခွင့်ပြုတဲ့ ပုံစံကို ကိုယ့်ရဲ့ အီးမေးလ်ထဲ ပြန်ရောက်လာပါ လိမ့်မယ် (လွယ်ကူအဆင်ပြေအောင် လုပ်ပေးထားတဲ့ ပရိုဂရမ်မာ ကိုဝဏ္ဏကိုနဲ့ တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်)။ အဲ.. D-Form လျှောက်ဖို့ ဘဏ်မှာ ငွေ ၂၀၀ ကျပ် ကြိုသွင်းထားဖို့ လိုပါတယ်၊ ဂရုပြုရမှာက အဲဒီ ဘဏ်က ပြန်ပေးတဲ့ ချလံကို လေယာဉ်ကွင်းမှ ပြဖို့ သိမ်းထားဖို့ရယ်နဲ့ ချလံမှာပါတဲ့ နံပတ်ကို အသေအခြာကူးပြီး D-Form လျောက်ဖို့ပါပဲ။ D-Form လည်းရပြီ၊ လေယာဉ်လက်မှတ်လည်း လက်ထဲရောက်ပြီ၊ Visa လည်း အဆင့်သင့်ဆိုရင်တော့ လေယာဉ်ကွင်းဆင်းပြီး အခန့်သား ထွက်လာရုံပါပဲ။

စင်္ကာပူရဲ့ တစ်ခုတည်းသော ချန်ဂီလေဆိပ်ကို ရောက်ရင် ICA လို့ခေါ်တဲ့ စင်္ကာပူ လူဝင်မှု ကြီးကြပ်ရေးက ကိုယ့်ရဲ့ နိုင်ငံကူးလက်မှတ်ပေါ်မှာ ပုံမှန်အားဖြင့် တစ်လ သက်တမ်း ထုပေးပါတယ်။ (ကိုယ့်ပုံစံက သူတို့ တိုင်းပြည်အတွက် အဖိုးမတန်၊ ဖျက်လို ဖျက်ဆီး လုပ်မယ့်ပုံပေါက်နေရင်တော့ တစ်မျိုးပေါ့)။ ပညာအပြည့်နဲ့ ရင်ကော့ပြီးလာတဲ့ သူတွေအတွက်တော့ သူတို့က Welcome ပါပဲ။ အဲဒါဆိုရင် စင်္ကာပူရောက်ပြီ၊ ပြီးပြီပေါ့။ သက်တမ်းတစ်လအတွင်းမှာ အလုပ်မရခဲ့ဘူးဆိုရင် Online ကနေ နောက်ထပ် တစ်လ လွယ်လွယ်ကူကူ ထပ်တိုးလို့ရပါတယ်၊ ဘယ်သူမျက်နှာမှ ကြည့်စရာမလိုပါဘူး၊ နှစ်လ ပြည့်တော့မယ်၊ Online ကလည်း သက်တမ်း တစ်ကြိမ်တိုးပြီးပြီ၊ အလုပ်လည်း မရသေးဘူးဆိုရင်တော့ ICA Building ကို လူကိုယ်တိုင်သွားဖို့ လိုပါတယ်၊ ဆက်နေဖို့ လိုအပ်နေလို့ သက်တမ်းတိုးပေးပါဆိုပြီး အကျိုးအကြောင်း ရှင်းပြရင် ပထမအကြိမ် အဖြစ် ၂ ပတ် ထပ်တိုးပေးပါတယ်၊ နောက်တစ်ခါ ထပ်သွားရင် ဒုတိယအကြိမ် နောက်ထပ် ၂ ပတ် ထပ်တိုးပေးပါတယ်၊ စုစုပေါင်း ရက် ၉၀ ပေါ့။ တကယ်လို့ ကိုယ့်ဘက်က ပညာရပ်ဆိုင်ရာ ပြည့်ပြည့်စုံစုံ ပြင်ဆင်လာတယ်ဆိုရင် အလွန်ဆုံး ၂ လအတွင်းမှ အလုပ်ရကြပါပြီ။

မြန်မာပြည်က မထွက်ခင် မမေ့ခဲ့ဖို့က ဘွဲ့လက်မှတ်၊ ကိုယ့်ရဲ့ အခြားတတ်ကျွမ်းတဲ့ အောင်လက်မှတ် မိတ္တူမှန်သမျှ နိုထရီပြန်ခဲ့ဖို့ပါပဲ။ ပြည်ပကပေးတဲ့ အင်္ဂလိပ်လို ရေးထားတဲ့ လက်မှတ်တွေကိုတော့ နိုထရီ ပြန်စရာ မလိုပါဘူး။ အရေးကြီးတာက မြန်မာနိုင်ငံကရတဲ့ ဘွဲ့လက်မှတ်ပါ။ အဖိုးမတန်ဘူးလို့ မရတဲ့သူတွေနဲ့ ကိုယ်ဟာကိုယ် တန်ဖိုး မထားတတ်တဲ့သူတွေက ၀ိုင်းပြောနေကြပေမယ့် စင်္ကာပူအစိုးရကတော့ အဲဒါကို တလေးတစား အသိအမှတ်ပြုထားပါတယ်၊ ဘွဲ့ရမဟုတ်ရင် SPass လျှောက်လို့ မလွယ်ပါဘူး။ (အပိုင်း-၂ မျှော် .....)

ကျွန်တော် စင်္ကာပူမှာ နေ နေသည် 21/1/2008 9:07:33 AM

၂၀၀၇ ဒီဇင်ဘာ ၃၁ ရက်နေ့၊ ဒေသစံတော်ချိန် ၂၁ နာရီ ၃၀ မိနစ်မှာ စင်္ကာပူကို ရောက်တယ်။ ကျွန်တော့်အတွက်တော့ ပထမဆုံးသော ပြည်ပ ခရီးစဉ်ပါ။ သူတပါးမြေ၊ သူတပါးရေ ဖြစ်တဲ့ အတွက် နည်းနည်းတော့ ရင်ခုန်ပါတယ်။ အဲလိုပဲ ကိုယ့်မြေ ကိုယ့်ရေကို ခွဲခဲ့ရတဲ့ အတွက်လည်း နည်းနည်းတော့ ၀မ်းနည်းမိပါတယ်။

ကိုယ့်ကို ကိုယ် အားပေးရတယ်၊ “ငါက နိုင်ငံအကြီးကြီးကနေ လာတာ၊ ငါက IT Professional တစ်ယောက်အနေနဲ့ နိုင်ငံတကာ အတွေ့အကြုံတွေ လိုချင်လို့ လာလုပ်တာ။ ငါတို့က သမိုင်းရှိတဲ့ တိုင်းပြည်က ကွ” လို့။

 ဟုတ်တယ်လေ လာချင်လွန်းလို့ ကျွန်စိတ်နဲ့ လာတာမှ မဟုတ်တာ အခြေအနေအရ ကျွန်တော်တို့ တိုင်းပြည်မှာ လျှပ်စစ်မီး ပုံမှန်မလာတာ(ခဏခဏ အမြဲတမ်းပျက်နေတာ)ရယ်၊ အင်တာ နက်တစ်ဝက် ပျက်တစ်ဝက် ဖြစ်နေတာရယ်၊ အိုင်တီသမား ၀န်ထမ်းတစ်ယောက်အနေနဲ့ တစ်လ သိန်း ၂၀ ကျော် မ၀င်နိုင်တာရယ်(ကျွန်တော် ညံ့တာလဲ ပါမှာပါ)ကြောင့်သာ ထွက်ခဲ့ရတာကိုး…။ ကျွန်တော် သေနတ် ကိုင်ပြီး စစ်မတိုက်ဖူးပေမယ့် တိုင်းပြည်ကို ချစ်တယ်။ ပုဂံသွေး ပါလို့ ပိုပြီးချစ်တယ်။

စင်္ကာပူမှာ နေရတာ အစစ အရာရာ အဆင်ပြေပါတယ်။ အားလုံး အဆင်ပြေအောင်လည်း တာဝန်ယူ လုပ်ပေးထားကြတာကိုး။ ရေမှန်တယ်၊ လျှပ်စစ်မီးမှန်တယ်၊ ငါးမိနစ် တစ်စီး ပြေးနေတဲ့ မြေအောက်ရထား၊ အဲကွန်းတွေ တပ်ထားတဲ့ လုံလုံလောက်လောက် ဘတ်စ်ကားကြီးတွေနဲ့ စနစ်ကျတဲ့ အချက်ပြမီးစနစ် (ကျွန်တော်တို့ မန္တလေးလို နှစ်ဘက်စလုံးနီတာ၊ နှစ်ဘက်စလုံး စိမ်းတာ မဖြစ်ဘူး)၊ ချောချောမွေ့မွေ့ လမ်းတွေ၊ ဘယ်သူမဆို အလွယ်တကူ ၀ယ်ကိုင်လို့ ရတဲ့ ဟန်းဖုန်းတွေ (လူတိုင်းကိုင်နိုင်ကြတယ်၊ ကျွန်တော်တောင် ညီလေး ကျေးဇူးနဲ့ လေယာဉ်ပေါ်က ဆင်းဆင်းချင်း ဟန်းဖုန်းကိုင်နေပြီ)၊ သြ … နေ့စဉ် ဘ၀မှာ ညဉ်းငြူစရာမရှိတော့လို့များ သူတို့ တစ်တွေ အကြံကောင်း ဉာဏ်ကောင်းတွေ ထွက်နေလေရော့ သလားလို့တောင် တွေးမိလိုက်သေးတယ်။ “… လမ်းပမ်း ဆက်သွယ်မှု လုံခြုံ ချောမွေ့စေရေး …” ဆိုတဲ့ စာသားကိုလည်း တန်ဖိုးထားလိုက်မိပါတယ်။

၂၀၀၈ ဇန်န၀ါရီ ၁၉ ရက်နေ့မှာ ကျွန်တော် အင်တာဗျူးတစ်ခု ဖြေရတယ်၊ အဲဒီနေ့မှာပဲ အပေါင်းအသင်း၊ မိတ်ကောင်းဆွေကောင်း ပတ်ဝန်းကျင်ရဲ့ ကူညီ ဖေးမမှုတွေကြောင့် ကျွန်တော် အလုပ်အကိုင်ကောင်း တစ်ခုကို ရလိုက်တယ်။ မိတ်ကောင်း ဆွေကောင်း ဆို ဒီမှာက မြန်မာတွေလည်း အရမ်းများနေပြီလေ … ။ ကျွန်တော်လိုပဲ မီးမမှန်လို့၊ အင်တာပျက်လို့ ထွက်လာတဲ့သူ ဘယ်နှစ်ဦး ပါလဲတော့ မသိဘူး။ Toa Payoh တိုပါးရိုး ဘုန်းကြီးကျောင်းနဲ့ Peninsular Palaza ပန်နီဆူလား ပလာဇာ ကိုသွားရင် မြန်မာတွေ စင်္ကာပူမှာ ဘယ်လောက်များနေလဲဆိုတာ သိသာနိုင်တယ်။

ဘယ်ကိုမှ ကောင်းကောင်း မလည်ပတ်ဖြစ်သေးပေမယ့်၊ Toa Payoh ဘုန်းကြီးကျေင်းကိုတော့ တစ်ပတ် နှစ်ကြိမ်လောက် ရောက်တယ်၊ အဓိဌာန် အောင်တယ် ပြောရမှာပေါ့ ဒီကိုရောက်ပြီး သုံးပတ်အတွင်းမှာ အလုပ်ရတယ်။ Toa Payoh ကို ရောက်ရင် ကိုယ့်မြေ ကိုယ့်ရေ ရွှေပြည်ကြီးကို ပိုလွမ်းလေပဲ။ ရွှေရောင် တ၀င်းဝင်းနဲ့ ဘုရားတွေကိုလည်း လွမ်းတယ်၊ ဟိုး…တောင်ထိပ်က ထုံးဖြူဖြူ ဘုရားလေးတွေကိုလည်း လွမ်းတယ်။ မနက်မနက်ဆို သင်္ကန်း တလွှားလွှားနဲ့ ဆွမ်းခံကြွကြတဲ့ မန္တလေးက သံဃာတော် ဆရာတော် ဘုရားတွေကိုလည်း လွမ်းတယ်။

ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေတော့ ဒီရက်ပိုင်းတွေမှာ အိုင်တီဆောင်းပါးလည်း မရေးဖြစ်ဘူး၊ သတင်းတွေလည်း မရေးဖြစ်ဘူး၊ Blog လည်း မရေးဖြစ်ဘူး၊ email နဲ့ ဆက်သွယ်ပြီး ဘာလို့ မရေးဖြစ်တာလဲ စိုးရိမ်တကြီး မေးကြ မြန်းကြတဲ့ သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ နောက်ဆို ရေးဖြစ်တော့မှာပါ။ တစ်ပတ်တစ်ခါ ASP.NET lesson ကိုလည်း ရေးဖြစ်မယ် ထင်ပါတယ်။ ဒီရက်ပိုင်းလည်း မရေးဖြစ်လို့သာပါ၊ ရင်ထဲမှာ ရေးချင်နေတာတွေက ဗလပွ။

NTU မှာ Researcher လုပ်နေကြတဲ့ မြန်မာ လူတော်လူကောင်းလေးတွေ ဆောင်းပါး၊ PHD လုပ်နေတဲ့ အစ်ကိုတစ်ယောက်ရဲ့ စာတမ်းနဲ့ မြန်မာလူငယ်တွေအတွက် နည်းမှန်လမ်းမှန် ကြိုးစားနည်းတွေ၊ Carrer Expo ဆိုပြီး လုပ်သွားတဲ့ JobsDB ရဲ့ ပြပွဲအကြောင်း၊ နောက် နေ့စဉ်နဲ့အမျှ ကျွန်တော် ကြုံရမယ့် အတွေ့အကြုံ ခံစားချက်တွေကို လူငယ်တွေ အကျိုးရှိအောင် ဝေမျှ ခံစားသွားမယ်လို့ ပြောရင်းနဲ့ပဲ …. (ရုံးသွားရတော့မယ်၊ ဒီနေ့က ပထမဆုံး တက်ရမယ့်နေ့လေ။)

<March 2023>
SuMoTuWeThFrSa
2627281234
567891011
12131415161718
19202122232425
2627282930311
2345678