မြန်မာနိုင်ငံ သတင်းဂျာနယ်ဈေးကွက်၏ ထိပ်တန်း ငါးစောင်အတွင်းပါဝင်သော 7 Day သတင်း ဂျာနယ်ကို မကြာမီ အင်တာနက်ဂျာနယ်ကဲ့သို့ အွန်လိုင်း ဖတ်ရှု့နိုင်တော့မည်ဖြစ်ကြောင်း 7 Day News Journel, Internet Journel, 7 Day Sport နှင့် People မဂ္ဂဇင်းတို့အား ထုတ်ဝေနေသော Imforithm-Maze ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးသောင်းစုငြိမ်းက အွန်လိုင်းမှ တဆင့် တရားဝင် ပြောကြားလိုက်သည်။

အင်တာနက်ဂျာနယ်အား ၀၉-၀၈-၂၀၀၈ ရက်နေ့မှ စတင်၍ အင်တာနက်မှ တဆင့် အွန်လိုင်း ဂျာနယ်တစောင်အဖြင့် www.myanmarinternetjournal.com ၌ ဖတ်ရှု့နိုင်ပြီး ဂျာနယ်ပုံစံမပျက် Adobe PDF ပုံစံဖြင့်လည်း အခမဲ့ download လုပ်ခွင့်ပေးထားကြောင်း သိရသည်။
“7 Day ဂျာနယ်လည်း အွန်လိုင်း လုပ်တော့မှာပါ၊ မကြာမီ လာမည်ပေါ့ ဗျာ” ဟု ဦးသောင်းစုငြိမ်းက ပြောသည်။ Myanmar Imforithm-Maze ကုမ္ပဏီသည် အပတ်စဉ်ထုတ်၊ လစဉ်ထုတ် စာစောင်များနှင့်အတူ မြန်မာနိုင်ငံ၏ ပထမဆုံးသော www.planet.com.mm web portal ကြီးကို လွှင့်တင်ထားသည့် ကုမ္ပဏီ လည်း ဖြစ်သည်။
ယခု အွန်လိုင်း စတင်ဖတ်ရှု့နိုင်ပြီဖြစ်သော အင်တာနက်ဂျာနယ်သည် မြန်မာပြည် အိုင်တီ စိတ်ဝင်စားသူ လူငယ်၊ လူကြီးများ၏ အသဲစွဲဖြစ်ပြီး လစဉ် တယ်လီဖုန်း မော်ဒယ် အသစ်အဆန်းများအား အလွန်အကျွံ ဖော်ပြလွန်းသဖြင့်လည်း တယ်လီဖုန်း ဂျာနယ်ဟု အမည်သစ်တစ်ခု ရရှိထားသော ဂျာနယ်လည်းဖြစ်သည်။
“အခု တစ်ရက်ကို လူဦးရေ ၄၀၀ ကျော် ၀င်ဖတ်နေကြတယ်။ ၀င်ဖတ်တဲ့ နိုင်ငံတွေကတော့ နိုင်ငံစုံပါတယ်၊ စင်ကာပူ၊ အမေရိက၊ ထိုင်း၊ မလေးရှား၊ ရုရှား၊ ဂျပန်၊ တောင်ကိုရီးယား၊ ဗြိတိန်၊ တရုတ်၊ ထိုင်ဝမ်၊ ပြင်သစ်၊ ဂျာမနီ၊ နော်ဝေ၊ အင်ဒို၊ သြစတေးလျ၊ ဟောင်ကောင်၊ ဘင်္ဂလားဒေ့ရှ် အစုံပါပဲ၊ အဖတ်အများစုံက စင်္ကာပူ၊ ပြီးရင် အမေရိကပါ” ဟု အင်တာနက် ဂျာနယ်၏ အယ်ဒီတာ ကိုညီညီမိုးက အိုင်တီမောင်မောင်သို့ အွန်လိုင်း အင်တာဗျူးမှတဆင့် ပြောသည်။
အင်တာနက်ဂျာနယ်အား အွန်လိုင်းဂျာနယ် တစ်စောင်အဖြစ် သတင်းကဏ္ဍ၊ ထင်မြင် သုံးသပ်ချက် ကဏ္ဍ၊ မိုဘိုင်း တယ်လီဖုန်း ကဏ္ဍ၊ ဆော့ဖ်ဝဲ ကဏ္ဍ၊ ပြည်တွင်းပြည်ပ မော်တော်ကား ကဏ္ဍ၊ ကွန်ပျူတာ ဂိမ်း ကဏ္ဍ၊ အသုံးဝင် ပစ္စည်းလေးများ ကဏ္ဍ၊ အင်တာဗျူးများ၊ ကာတွန်းများ ဗဟုသုတတိုးပွားစရာ ကဏ္ဍများနှင့်အတူ တစ်ပါတ်အတွင်း ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်း ပေါက်ဈေးနှုန်းများကိုလည်း သူ့ ကဏ္ဍနှင့် သူ အလွယ်တကူ ဖတ်ရှုနိုင်ရန် စီစဉ်ထားကြောင်း တွေ့သည်။
“ကျွန်တော်တို့ အခု အွန်လိုင်းဂျာနယ်ကိုလည်း အပတ်စဉ်ပုံစံအတိုင်း သွားမယ်လို့ စီစဉ်ထားပါတယ်။ ကြာသပတေးနေ့ ဂျာနယ်ထွက်တဲ့ ရက်ဆိုရင် ကောင်းနိုးရာရာတွေ အကုန်လုံး အွန်လိုင်းပေါ်ရောက်နေပါပြီ” ဟု ကိုညီညီမိုးက ပြောသည်။
မည်သည့် စံနှုန်းဖြင့် ကောင်းနိုးရာရာများအဖြစ် ရွေးချယ်သတ်မှတ်ကာ အွန်လိုင်းပေါ် တင်သင့်မတင်သင့် ဆုံးဖြတ်ပါသလဲဟု မေးမြန်းရာ
“တချို့ သတင်းတွေက စိစစ်ရေးတင်တဲ့ အချိန်နဲ့ ခွင့်ပြုချက်ကျတဲ့အချိန်က အရမ်းကွာသွားတော့ ဖတ်တဲ့သူအတွက် အကျိုးမရှိတဲ့ဟာတွေကို အွန်လိုင်းမှာ မထည့်တော့ဘူး၊ ဂျာနယ်ပုံစံ တစ်စောင်လုံးဖတ်ချင်တဲ့ သူတွေအတွက်တော့ ၀ဘ်ဆိုက်ရဲ့ ညာဘက်အပေါ်နားမှာ Dowload Link ကနေတဆင့် နောက်ဆုံးထွက်စာစောင်တွေကို PDF format နဲ့ ဖတ်လို့ရအောင် လုပ်ပေးထားပါတယ်” ဟု ဖြေကြားခဲ့သည်။
မြန်မာနိုင်ငံ၌ မည်သည့် ပုဂ္ဂလိက စာစောင်မဆို ပြန်ကြားရေး ၀န်ကြီးဌာန လက်အောက်ရှိ စာပေစိစစ်ရေးအဖွဲ့သို့ တင်ပြရပြီး စိစစ်ရေးအဖွဲ့၏ တရားဝင်ခွင့်ပြုချက်ရမှသာ ထုတ်ဝေ ဖြန့်ချိခွင့်ရမည် ဖြစ်သည်။ စာပေစိစစ်ရေးအဖွဲ့အနေနှင့် လောလောဆယ် အွန်လိုင်း ဂျာနယ်များအတွက် သီးသန့် စည်းမျဉ်း စည်းကမ်းများ မချထားသေးသဖြင့် လွတ်လွတ်လပ်လပ် ရေးသား တင်ပြခွင့်ရှိနေသော်လည်း ဂျာနယ်တိုက်ကြီးများ အနေနှင့် မိမိစာစောင် ရေရှည်ရပ်တည်နိုင်ရေးအတွက် ကိုယ်အသိစိတ်ဓါတ်နှင့် ကိုယ် ထိန်းသိမ်း လုပ်ကိုင်နေကြကြောင်း သိရသည်။
မြန်မာနိုင်ငံ၌ လစဉ်ထုတ်မဂ္ဂဇင်းနဲ့ အပတ်စဉ်ထုတ် ဂျာနယ် စုစုပေါင်း အစောင် ၅၀၀ ကျော် ထုတ်ဝေဖြန့်ချိ လျက်ရှိပြီး အားကစား ဂျာနယ်များမှာ ဈေးကွက်ဝေစု အများဆုံး ရရှိထားသည်။ ဒုတိယအနေဖြင့် ဘာသာရေး စာစောင်များ နှင့်အတူ သတင်းနှင့် စီးပွားရေး ဂျနယ်များလည်း သူ့နည်း သူ့ဟန်ဖြင့် လည်ပတ်လျက်ရှိကြောင်း ထုတ်ဝေသူ တစ်ဦးက ပြောသည်။
“အင်တာနက် ဂျာနယ်က ကျွန်တော်တို့ စထွက်ကတည်းက စိတ်ဝင်တစား ဖတ်ဖြစ်တဲ့ ဂျာနယ်ပါ။ နိုင်ငံတကာ အိုင်တီလောက သတင်းတွေ၊ နောက်ဆုံးပေါ် ဆော့ဖ်ဝဲ၊ ဟာဒ်ဝဲ အကြောင်းတွေလည်း အလွယ်တကူ ဖတ်နိုင်လို့ သဘောကျပါတယ်၊ အခု အွန်လိုင်းဖတ်နိုင်တော့ ပြည်ပမှာ ရောက်နေတဲ့ ကျွန်တော်တို့ အတွက် အဆင်ပြေတာပေါ့” ဟု စင်္ကာပူနိုင်ငံ၌ အလုပ်လုပ်နေသော မြန်မာနိုင်ငံသား တစ်ဦးက ပြောသည်။
“မြန်မာပြည်မှာနေတုန်းကတော့ အဲဒီဂျာနယ်ထဲမှာ ဖုန်းအကြောင်းတွေ အရမ်းထည့်တာ မကြိုက်ဘူး၊ မြန်မာပြည်မှာ အဲဒီဖုန်းတွေရဲ့ 3G, 3.5G နဲ့ Multimedia Message Function တွေကလည်း သုံးလို့ရတာ မဟုတ်ဘူး၊ ဆက်သွယ်မှု ဧရိယာ အပြင်မရောက်ဖို့တောင် လိုင်းဆွဲအားကို မနည်း လုပ်နေရတာ၊ ဟန်းဖုန်း ကိုင်နိုင်တဲ့ လူတန်းစားကလည်း တသီး တသန့်လေ၊ အဲဒါ ကြောင့် အဲဒီစာမျက်နှာတွေကို အရမ်းမုန်းခဲ့တာ၊ အခု စင်္ကာပူရောက်နေတော့ အဲဒါတွေက အသုံးဝင်နေတယ်၊ ဒီမှာက လူတိုင်း ဖုန်းကိုင် နိုင်တာကိုး” ဟု သူကပင် ဆက်လက်ပြောဆိုသွားသည်။
မြန်မာနိုင်ငံ၌ အိုင်တီ စိတ်ဝင်စားသူများ အတွက် အင်တာနက်ဂျာနယ်နှင့်အတူ ပီစီဝါးနှင့် ကွန်ပျူတာ ဂျာနယ်တို့မှာ လူဖတ်အများဆုံး စာစောင်များ ဖြစ်သည်။
|