ဒီတစ်ပါတ် စိတ်ညစ်စရာတွေ အများကြီး ကြုံမိတယ်။ အလုပ်တွေကလည်း များတယ်၊ လူမှုဆက်ဆံရေး အဆင်မပြေတာလေးတွေလည်း ရှိတယ်၊ ကိုယ်ရေးကိုယ်တာ ခံစားမှုလေးတွေလည်း များတယ်၊ အိုင်တီလောကမှာ ဘာတွေ စိတ်ဝင်စား စရာ ကောင်းနေမှန်းတောင် မလေ့လာဖြစ်တဲ့ အချိန်ပေါ့။
ဒီအချိန်မှာ လေးစားမိတဲ့ လူငယ် ကဗျာဆရာမ တစ်ယောက်ဆီကနေ Group ဖွဲ့ပြီး ပို့လိုက်တဲ့ အီးမေးလ်လေး တစ်စောင် ရောက်လာတယ်။ ဖွင့်ဖတ်မိတော့ “ကျေးဇူးပြုပြီးတော့ ဒီဝဘ်ဆိုက်လေးကို သွားဖတ် ကြည့်လိုက်ကြပါလား... အကျိုး မယုတ် စေရပါဘူး...း)” ဆိုတဲ့ အညွှန်း နဲ့အတူ ၀ဘ်ဆိုက် Link လေးတစ်ခု ပါလာတယ်။ အမြဲတမ်းလည်း သူက သူ့ကဗျာလေးတွေ ရေးပြီးရင် သူ့ရဲ့ Blog ကို link ပို့နေကြဆိုတော့ ဘာလဲမသိဘူးဆိုပြီး သွားဖတ်လိုက်မိတယ်။

အဲဒီ ၀ဘ်ဆိုက်မှာ “Who is your one and only?” ဆိုပြီး ဘိုလိုတွေ ရေးထားတဲ့ စာပိုက်လေးကို စတွေ့တယ်။ အင်္ဂလိပ်လို စာဖတ်ပျင်းတဲ့ ကျွန်တော် အမြန်ဖတ်ပြီး သဘောပေါက်လိုက်တာက ကိုယ်ချစ်သူနဲ့ ဖူးစာ ဆုံမဆုံ တွက်တဲ့ဟာလေးပဲ ဆိုပြီး…။
ဝဘ်ဆိုက်ပေါ်မှာက ကိုယ်နာမည်ထည့်ဖို့ Text Box တစ်ခုနဲ့ ကောင်မလေး နာမည်ထည့်ဖို့ Text Box သုံးခု တွေ့ပါတယ်။ ဘယ်လို လုပ်ရမယ်ဆိုတဲ့ လမ်းညွှန် အင်္ဂလိပ်စာတောင် အသေအခြာမဖတ်မိပါဘူး၊ သာမာန် အပျော်တစ်ခုခု ပဲ ဆိုပြီး ကျွန်တော်နာမည်နဲ့ ကျွန်တော် ကြိုက်နေတဲ့ ကောင်မလေး နာမည် တစ်ခုကို ရိုက်ထည့်လိုက်မိတယ်၊ Calculate ကိုလည်း နှိပ်ရော ကောင်မလေး သုံးယောက်မဟုတ်လို့ ထပ်ရိုက်ပါဆိုပြီး ပေါ်လာတယ်။
ကျွန်တော်ကလည်း အပျော်စမ်းတာဆိုပေမယ့် တခြားကောင်မလေး နာမည်တွေ မထည့်ချင်လို့ ကိုယ်ကြိုက်နေတဲ့သူရဲ့ နာမည်လေးကိုပဲ အဖျားဆွတ်ပြီး ခေါ်တာလေးရယ်၊ အိမ်နာမည်လေးရယ် ထပ်ထည့်လိုက်တယ်။
တကယ် အပေါ်ကစာအတိုင်းဆိုရင်တော့ ကိုယ်နဲ့ ဖူးစာဆုံချင်တဲ့ ကောင်မလေး သုံးယောက် နာမည်ထည့်ပေါ့။ အဲဒီအထဲက ဘယ်သူလဲဆိုတာ တွက်ပေးမယ်ပေါ့။
ကျွန်တော်ကတော့ အလွဲမခံနိုင်လို့ တစ်ယောက်ထဲကိုပဲ နာမည်သုံးခု ထည့်လိုက်တယ်။ နောက်တစ်ကြိမ် Calculate လည်း နှိပ်ရော ကိုယ်အလိမ်ခံလိုက်ရပြီဆိုတာ သေခြာသွားတယ်။

နောက်တစ်မျက်နှာမှာ ပေါ်လာတာက ဘယ်သူလည်းဆိုတဲ့ ပျော်ရွှင်စရာ အဖြေတစ်ခုမဟုတ်ပဲ “Ooopss… you have been fooled” “မင်းတော့ အရူးလုပ်ခံလိုက်ရပြီ… ဆိုတဲ့ အဓိပ္ပါယ်နဲ့ အခု မင်းရဲ့ လျို့ဝှက်ချက်တွေကို ….@gmail.com ကို ပို့လိုက်ပြီ” ဆိုတဲ့ အင်္ဂလိပ်စာတမ်းလေးပါပဲ။
အီးမေးလ်လိပ်စာက gmail နဲ့ မြန်မာ တစ်ယောက်ဆိုတာ သိသာစေပါတယ်။
ကျွန်တော် အရမ်းကို စိတ်ညစ်သွားတယ်။ “စိတ်ညစ်လို့ ကမ်းပါး သွားထိုင်ပါတယ်၊ သပွတ်အူ မျောလာတာနဲ့ ကြုံ” ဆိုသလိုမျိုးပေါ့။ စိတ်မထိန်းနိုင်လို့ ချက်ခြင်းပဲ အဲဒီ ကဗျာဆရာမလေးဆီကို ဂျီတော့လ်ကနေ လှမ်းပြောမိတယ်၊ မင့်ကို ယုံမိလို့ မှားသွားတယ်လို့။ နောက်ကို အဲဒါမျိုးတွေ ငါ့ကို မပို့ပါနဲ့လို့။
သူကလည်း ပေါ့ပေါ့ပါးပါးလေး အပျော်သဘောနဲ့ ပို့လိုက်တာပါတဲ့၊ ဘယ်သူမှ အမှန်မထည့်လောက်ဘူး ထင်လို့ပါတဲ့။ ကျွန်မဆို ဟောလိဝုဒ်က မင်းသားနာမည်တွေ ထည့်လိုက်တာပဲတဲ့။ ကဲ… ဒါပေမယ့် ကျွန်တော်က ဘယ်လိုခံစားရမှန်း မသိတော့ဘူး။ သူပျော်ဖို့လား ကျွန်တော်ပျော်ဖို့လားလည်း မသိတော့ဘူး။
ဆက်ပြောမိရာက အဲဒီဝဘ်ဆိုက်ကို လုပ်တာ ဘယ်သူလဲဆိုတော့ မြန်မာ blogger ဆရာဝန်လေး တစ်ယောက်ဆိုတာ သိလိုက်ရပြန်တယ်။ ကျွန်တော် စိတ်တွေ အ၀ိစိကို ၀ုန်းကနဲ ထိုးကျသွားတယ်။ လူနာတွေက သူတို့ လျို့ဝှက်ချက်တွေနဲ့ လာတိုင်ပင်ရင်တောင် သမားကောင်း တစ်ဦးအနေနဲ့ ထိန်းသိမ်းထားရမယ့် သူတစ်ဦးက အခုလို သူများ လျို့ဝှက်ချက်တွေ ကို အတင်း ယူမယ်လို့ သိလိုက်ရတော့…။
ကျွန်တော် ခံစားချက် ပြင်းသွားမှန်းသိတော့ ကဗျာဆရာမလေးလဲ စိတ်တွေညစ်။ သူက Group Mail ပို့လိုက်တာဆိုတော့ ဘယ်သူတွေ ဘာတွေ ဖြစ်ကြဦးမယ် မသိတော့၊ သူက ချက်ခြင်းတောင်းပန်ပြီး အားလုံးကိုလည်း ဆက်မဖွင့်ကြည့်ကြဖို့ စာတွေ ထပ်ပို့လိုက်တယ်။ (လူကြီးလူငယ် ဒီနေရာကွာတာလား မသိဘူး၊ ချင်းခြင်းဝန်ခံပြီး တောင်းပန်ဖို့ ၀န်မလေးတာ)။ ကျွန်တော်ကတော့ ဒီလို လုပ်ရပ်မျိုး မဖြစ်စေချင်လို့ Blog ရေးတင်ဖို့ စဉ်းစားမိတယ်။
ဒါပေမယ့် ကိုယ့်ရဲ့ ဒေါသနဲ့ ၀ုန်းဒိုင်းလည်း မဖြစ်ချင်၊ အမှားလည်း မပါချင်တော့ စိတ်ကိုငြိမ်အောင်ထားပြီး သေသေခြာခြာ အဲဒီဆိုက်ကို ပြန်ကြည့်မိမှ၊ အဲဒီ ဆရာဝန်လေး ကိုယ်တိုင် အကြံအစီတစ်ခုခုနဲ့ စနစ်တကျ ကြံစီထားတာ မဟုတ်ပဲ၊ ၀ဘ်ဆိုက်ကိုက အဲလိုမျိုး တစ်ဘက်သားကို အရူးလုပ်ဖို့ စနစ်တကျ လုပ်ပေးထားမှန်း သိလိုက်ရတယ်။
ကိုယ်ရဲ့ နာမည်နဲ့ အီးမေးလ်တစ်ခု ရိုက်ထည့်ပေးလိုက်ရင် သူက အဲလို Web Address တစ်ခု အလိုလို Create လုပ်ပေးတယ်၊ အဲဒီ Link လေးကို တစ်ခြားသူတွေဆီပို့ပေါ့။ ဘယ်သူတွေက ကျွန်တော်လို အရူး လုပ်ခံကြရမလဲဆိုတာ ကိုယ်အီးမေးလ်ကနေ စောင့်ကြည့်နေပေါ့။ သူတို့ရဲ့ နာမည်တွေနဲ့ သူတို့ စိတ်ကူးယဉ်တဲ့ သူတို့ ချစ်သူတွေ ဘယ်သူတွေဆိုတာ ကိုယ်အီးမေးလ်ကို ပို့ပေးလိမ့်မယ်၊ စောင့်ဖတ်နေယုံပေါ့။
ကဲ …. ဘယ်သူတွေ ပျော်ရလဲတော့ မသိပါဘူး။ ကျွန်တော်တော့ တော်တော် စိတ်ပျက်သွားပါတယ်။ ဟို ကဗျာဆရာမလေးရဲ့ ပြောပြချက်အရ အဲဒီဆရာဝန်လေးဟာလည်း စိတ်သဘောထား ကောင်းတဲ့သူတစ်ယောက်ပါတဲ့။ သူလည်း အမှတ်တမဲ့ အပျော်သဘောလုပ်လိုက်တာပါတဲ့။ ဟုတ်မှာပါ။ သူ့ရဲ့ အီးမေးလ် ..shwe..@gmail.com ကို အမှန်ထည့်ထားကတည်းက သူတကယ်မသိလို့ ဆိုတာ သိသာပါတယ်။
ယုတ်မာမယ့်သူဆို အဲဒီနေရာမှာ ကိုယ့်ရဲ့ တရားဝင် အီးမေးလ်ကို ဘယ်ထည့်မလဲ။ ကျွန်တော်လည်း စိတ်တော်တော် ငြိမ်သွားပါပြီ။ ဒါပေမယ့် ဒါမျိုးလေးတွေ အိုင်တီချစ်သူတွေကြား မဖြစ်စေဖို့နဲ့ အိုင်တီမောင်မောင် ပရိဿပ်တွေ အိုင်တီမောင်မောင်လို့ အညာခံထိပြီး အရူးလုပ်မခံရစေဖို့ ရေးသင့်တယ် ထင်လို့ပါ ….. ။
[အီးမေးလ်တွေနဲ့ တကူးတက ပြန်တောင်းပန်တဲ့ ညီမ ကဗျာဆရာမလေး၊ ညီငယ် ဘလော့ဂါ ဆရာဝန်လေးနဲ့ အတူ အိုင်တီချစ်သူတွေ အပစ်ကင်းကင်း ပျော်နိုင်ပါစေ ဆန္ဒပြုရင်း …..website လိပ်စာတော့ ထည့်မပေးတော့ဘူး၊ မဟုတ်တာတွေ စမ်းနေကြမှာစိုးလို့။ ]
|